အင်ဒိုရွေးကောက်ခံ သမ္မတ တရုတ်နဲ့ ဂျပန်ကို သွားရောက်မည်

0
76

အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့အပြီး နှစ်လအကြာ အင်ဒိုနီးရှားရွေးကောက်ခံသမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ အဆင့်မြင့် အရာရှိအဆင့် ဆွေးနွေးပွဲတွေအတွက် တနင်္လာနေ့(ဧပြီ ၁ ) မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံသွားဖို့ရှိကြောင်း သိရပါတယ်။

အရှေ့တောင်အာရှမှာ လူဦးရေအထူထပ်ဆုံးနိုင်ငံရဲ့ နောက်တက်မယ့် ခေါင်းဆောင်အဖြစ် ကျမ်းမကျိန်ရ​သေးတဲ့ ပရာဘိုဝိုဟာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ဆွေးနွေးမှုတွေလုပ်ဖို့အတွက် ရှီရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ သူဟာ ဧပြီ ၂ ရက်နဲ့ ၃ ရက်တို့မှာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ၊ အခြားအရာရှိတွေနဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီမာဆာ ဟာယာရှီက တနင်္လာနေ့မှာ ပြောဆိုပါတယ်။

ဂျပန်နဲ့ အင်ဒိုနီးရှားတို့ဟာ အခြေခံမူတွေ၊ စံတန်ဖိုးတွေကို မျှဝေတဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ကြပြီး ပရာဘိုဝိုရဲ့ ခရီးစဉ်ဟာ နယ်ပယ်များစွာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို အားကောင်းစေမယ်လို့ မျှော်လင့်ကြောင်း ဟာယာရှီက ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ခံသမ္မတစ်ဦးအဖြစ် ပရာဘိူဝိုဟာ အင်ဒိုနီးရှားရဲ့ အိမ်နီးချင်းနိုင်ငံတွေမသွား​သေးဘဲ ပထမဆုံး ပြည်ပခရီးအဖြစ် တရုတ်နိုင်ငံကို သွားရောက်တာဟာ ယခင်ဆယ်စုနှစ်က ဂျိုကိုဝီဒိုဒိုလက်ထက် တည်ဆောက်ခဲ့တဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေကို ထင်သာစေခဲ့ပါတယ်။

ပရာဘိုဝို ဆူဘီယန်တိုနဲ့ ဂျိုကိုဝီမတူတဲ့အချက်က သမ္မတ ဂျိုကိုဝီဒိုဒိုဟာ ကျမ်းသစ္စာမကျိန်ဆိုရသေးခင် ရွေးကောက်ခံသမ္မတတစ်ဦးအဖြစ်နဲ့ ပြည်ပခရီးသွားရောက်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

Ref:BT


LEAVE A REPLY

Please enter your comment!
Please enter your name here