(၇၇)နှစ်ရှိလာပြီဖြစ်သည့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး

0
145

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုမြို့ ရှိ အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့‌ကြောင်း သိရသည်။

ပြည်သူ့ဆက်ဆံရေး(Public Relation) ဆိုသည်မှာ စစ်ဘက် -နယ်ဘက်ဆက်ဆံရေးအထိ သက်ရောက်မှုရှိသည့်လုပ်ငန်းတစ်ရပ်ဖြစ်ပြီး စိတ်ဓာတ်စစ်ဆင်ရေးဟူသည် တပ်မတော် (ကြည်း၊ရေ၊လေ) အင်အားစုကြီးတစ်ခုလုံးကို စိတ်ဓာတ်ဖြင့် တည်ဆောက်ခြင်း၊ ပြည်သူကြားက မွေးဖွားလာသောတပ်မတော်နှင့်ပြည်သူကို တစ်သားတည်း ဖြစ်စေခြင်းဆိုသည်အထိ စွမ်းပကားရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အပြင် တပ်မတော်မှ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာမည့် မည်သည့်အန္တရာယ်မျိုးမဆို ကာကွယ်နေချိန်တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ အနေဖြင့် တပ်မတော်မှအားကိုးရသည့် လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်စေရန် တပ်ဖွဲ့ဝင်တိုင်း၏ အသိပညာ၊ အတတ်ပညာစွမ်းပကားများကို တိုးတက်အောင် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ပေးအပ်လာသည့် တာဝန်အရပ်ရပ်အပေါ် တစ်ဦးတစ်ယောက်ကောင်းအားထက် စုပေါင်းအားကို အဓိကမဏ္ဍိုင်ပြုပြီးကျေပွန်အောင် ထမ်းဆောင်သွားကြရန်နှင့် မှန်ကန်သည့်အသိ၊ ခိုင်မာသည့် ခံယူချက်ကောင်းများနှင့် မိမိတို့ကိုယ်စီ တတ်မြောက်ကျွမ်းကျင်ထားကြသည့် အတတ်ပညာ စွမ်းအားများပေါင်းစပ်ပြီး နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေး အားမာန်များ ပိုမိုခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒများကို လေးနက်စွာခံယူနားလည်ပြီး တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးပါ နိုင်ငံချစ်စိတ်ပိုမိုမြင့်မားလာစေရေး၊ အမျိုးသားရေးယုံကြည်ချက်၊ ခံယူချက်များ ပိုမိုတိုးတက်လာစေရေးတို့ကို တစိုက်မတ်မတ် ကြိုးပမ်းသွားကြရန်လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်ကျောင်းများမှ နိုင်ငံတော်အဆင့်ပြည်တွင်းပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ရာ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် “ စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆုရရှိခဲ့သည့် ဗိုလ်မှူး တင်အောင်စိုး၊ ၂၀၂၂ ခုနှစ်၊ စာပေဗိမာန်စာမူဆု စာပဒေသာ (ပထမဆု)ရရှိသည့် ဗိုလ်ကြီး နေထွဋ်အောင်၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝါသနာရှင် ဒုတိယတန်းအဆင့်(အမျိုးသမီး) ပတ္တလားအတီးပြိုင်ပွဲ (ပထမဆု) နှင့် ဝါသနာရှင် ပထမတန်းအဆင့်(အမျိုးသမီး) စန္ဒရားအတီးပြိုင်ပွဲ(တတိယဆု) ရရှိသည့် ဒုတိယ အရာခံဗိုလ် အစားခန့် ဒေါ်တင်ဇာအေးလွင်တို့က ဆုများ အသီးသီးလက်ခံ ရယူကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here