နေ့စဉ်စားသုံးနေသည့်ကင်ဆာဖြစ်စေနိုင်သော အစားအသောက် ၉ မျိုး

0
1461

နေ့စဉ်အမှုမဲ့အမှတ်မဲ့ဖြင့်စားသောက်နေသော အစားအစာများတွင် ကင်ဆာဖြစ်စေနိုင်သော အစားအသောက်များလည်း အများအပြားပါဝင်လျက်ရှိသည်။

၎င်းတို့အနက် ကင်ဆာဖြစ်နိုင်ချေပိုများသောအစားအသောက် ၉ မျိုးအားဖော်ပြပေးလိုက်ပါသည်။

(၁) စည်သွပ်ခရမ်းချဉ်သီးဗူးများ

အသင့်စားသုံးနိုင်ပြီး ဈေးသက်သာသကဲ့သို့ တစ်နှစ်ပတ်လုံးရနိုင်သည့် ခရမ်းချဉ်သီးဗူးများသည် ကင်ဆာဖြစ်စေနိုင်သည်။ လတ်ဆတ်သောခရမ်းချဉ်သီးများသည် ကျန်းမာရေးကိုများစွာ အထောက်အကူပေးနိုင် သော်လည်း၊ ကင်ဆာဖြစ်ခြင်းမှ ကာကွယ် ပေးသော်လည်း တာရှည်ခံအောင်ပြုလုပ်ထားသည့် ခရမ်းချဉ်သီးစည်သွပ်ဗူးများမှာမူ ကျန်းမာရေးအတွက်မကောင်းပေ။

စည်သွပ်ဗူး၌သုတ်ထားသည့် BPA ဟုခေါ်သော အရည်တစ်မျိုးသည် ခန္ဓာကိုယ်တွင်းရှိဟော်မုန်းဆိုင်ရာလုပ်ဆောင်ချက်များနှင့် ဦးနှောက်အတွင်းရှိမျိုးဗီဇများ၏ လုပ်ဆောင်ချက်များ အပေါ် အကျိုးသက်ရောက်မှုရှိကြောင်းကို သုတေသနများကဖော်ပြထားသည်။

အဆိုပါ BPA ဆေးရည်သည် ကင်ဆာ၊နှလုံးရောဂါနှင့် မျိုးပွားမှုဆိုင်ရာပြဿနာများနှင့်ပါ ဆက်စပ်နေသည်ဟုလည်းဖော်ပြထားသည်။ ထို့ကြောင့်ပညာရှင်များက စည်သွပ်ဗူးထဲထည့်ထားပြီး အရံသင့်စားသုံးနိုင်သည့် ခရမ်းချဉ်သီးများအား မဖြစ်မနေစားရမည်ဆိုလျှင်တောင် သံဗူးနှင့်မထားဘဲ အခြားထည့်စရာနှင့်ပြောင်းထည့်ထားခြင်းမျိုးကိုပြုလုပ်ရန်တိုက်တွန်းထားပြီး တတ်နိုင်လျှင်လတ်ဆတ်သော ခရမ်းချဉ်သီးများကိုသာဝယ်ယူစားသုံးကြရန်ပါတိုက်တွန်းထားသည်။

(၂) မွေးမြူရေးဆော်လမွန်ငါးများ

အများအားဖြင့် ဆော်လမွန်ငါးများအား ကျန်းမာရေးအတွက် အထောက်အကူပြုသည်ဟုယူဆပြီးစားသုံးကြသော်လည်း ဆော်လမွန်ငါး၌ပါဝင်သည့် omega 3 သည် နှလုံးကျန်းမာရေးနှင့်ဦးနှောက်လုပ်ဆောင်မှုအတွက် ကောင်းမွန်စေသည်ဟုလည်းယူဆထားကြသည်။ ထိုမျှမက ဆော်လမွန်ငါး၌ ပရိုတင်းဓါတ်၊ဗိုက်တာမင် ဒီ နှင့် အခြားအာဟာရဓါတ်များလည်းပါဝင်သည်ဟုဆိုကြသည်။သို့သော် ဆော်လမွန်ငါးတိုင်းကတော့ ကျန်းမာရေးကိုအထောက်အကူပြုနေသည်မဟုတ်ပေ။

ဥရောပ၌ ဆော်လမွန်ငါးများအား မွေးမြူရေးလုပ်ငန်းတစ်ခုလိုလုပ်ကိုင်မွေးမြူကြပြီး မွေးမြူရေးဆော်လမွန်များသည် သဘာဝအလျောက်ဖမ်းမိသောငါးများထက် ဈေးနှုန်းသက်သာကာ တစ်နှစ်ပတ်လုံးလည်းရရှိနိုင်သဖြင့် ထင်ရှားသည့်စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်လာခဲ့သည်။

မွေးမြူရေးဆော်လမွန်များသည် သဘာဝအတိုင်းနေထိုင်ကျက်စားရခြင်းမဟုတ်သဖြင့် ဓါတုပစ္စည်းများနှင့်ပြုလုပ်ထားသည့် ငါးစာများ၊ပဋိဇီဝဆေးဝါးများ၊ပိုးသတ်ဆေးများနှင့်ထိတွေ့ပြီးသားဖြစ်ရာ ကင်ဆာဖြစ်စေနိုင်ပြီး မွေးမြူရေးဆော်လမွန်များသည် သဘာဝငါးများထက် ပိုအကောင်ကြီးသည့်အတွက် ဓါတုအဆိပ်များစုပ်ယူထားမှုလည်းပိုများသဖြင့် သဘာဝအတိုင်းရရှိသည့် ဆော်လမွန်များကိုသာ စားသုံးကြရန်လည်း ကျန်းမာရေးပညာရှင်များကအသိပေးထားသည်။

(၃) ပြုပြင်ထားသောအသားများ

အကယ်၍ သင်သည် အသားစားရသည်ကိုနှစ်သက်သူတစ်ဦးဖြစ်ပါက သင့်အနေဖြင့် ဆန်းဒဝစ်ချ်မုန့်များနှင့် အသားများကို စွန့်လွှတ်ရန်ခက်ခဲပေလိမ့်မည်။ သို့သော် အဆိုပါ ပြုပြင်ထားသောအသားများသည် ကျန်းမာရေးကိုထိခိုက်စေနိုင်သည်ဟုဆိုထားသည်။ ပြုပြင်ထားသောအသားဆိုသည်မှာ ကြာရှည်ခံပစ္စည်းများဖြင့်ပြုလုပ်ခြင်း၊ကျပ်တိုက်ခြင်းစသည့် ကြာရှည်ခံစေမည့်နည်းလမ်းများကိုအသုံးပြုကာပြုလုပ်ထားသောအသားများဖြစ်သည်။

ယင်းသို့ပြုပြင်ထားသောအသားများထဲတွင် ဝက်အူချောင်း၊ဘေကွန်၊ဟော့ဒေါ့များလည်းပါဝင်သည်။ ပညာရှင်များ၏ လေ့လာမှုများအရ လူ ၁၇ ဦးလျှင် ၁ ဦးသည် ပြုပြင်ထားသောအသား ၁၆၀ ဂရမ်အားစားသောက်ရာမှသေဆုံးနေရကြောင်းတွေ့ရသည်။ယင်းလူများသည် ပြုပြင်ထားသောအသား ၂၀ ဂရမ်စားသုံးသူများထက် ကင်ဆာဖြစ်နိုင်ချေ ၄၄ ရာခိုင်နှုန်းပိုများသည်ဟုလည်းဖော်ပြထားသည်။

အသားများကိုပြုပြင်ထိန်းသိမ်းရာ၌ လတ်ဆတ်နေပုံပေါ်စေရန်အတွက် ဓာတုပစ္စည်းအမြောက်အမြားနှင့် ဆားများကို အလွန်အကျွံ့အသုံးပြုရသည့်အတွက်ကင်ဆာဖြစ်နိုင်ချေမြင့်မားလာရခြင်းလည်းဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ကင်ဆာဖြစ်နိုင်ချေအားလျှော့ချလိုပါက ပြုပြင်ထားသောအသားများကိုရှောင်ကြဉ်ပြီး လတ်ဆတ်သောအသားများကိုသာ စားသုံးကြပါဟုလည်းတိုက်တွန်းထားသည်။

(၄) အာလူးကြော်များ

သွားရည်စာအဖြစ်ရော ဟင်းအနေနှင့်ပါစားသုံးနိုင်သည့် အာလူးကြော်များအား သင်နှစ်သက်ပါက ကင်ဆာအားလက်ယပ်ခေါ်သလိုဖြစ်နေပေလိမ့်မည်။ အာလူးကြော်များသည် ကြွပ်ရွပြီး အရသာကောင်းမွန်စေရန် ဆားများ၊အခြားအရသာမှုန့်များနှင့်နယ်ကာ ဆီထဲတွင်ထည့်ကြော်ထားသောအရာများဖြစ်သဖြင့် ကျန်းမာရေးအတွက်မကောင်းပေ။

အာလူးကြော်များသည် ဈေးနှုန်းသက်သာပြီး စားရလွယ်ကူကာ အရသာရှိသောအစားအစာတစ်မျိုးဖြစ်သော်လည်း ၎င်းတို့ထဲတွင်အသုံးပြုထားသည့် ဓာတုပစ္စည်းသုံးအရသာမှုန့်များ၊ဆိုးဆေးများနှင့် အမျိုးမျိုးသော တာရှည်ခံဆေးဝါးများကြောင့် ကင်ဆာဖြစ်နိုင်ချေမြင့်မားသည့်အစားအသောက်များအနက် တစ်ခုအပါအဝင်လည်းဖြစ်သည်။

(၅) ကယ်လိုရီနည်းသောထုတ်ကုန်များ

အဝလွန်ခြင်းသည်လည်း ကင်ဆာဖြစ်စေနိုင်သဖြင့် အဝလွန်ခြင်းအားရှောင်ကြဉ်ရန် ကယ်လိုရီနည်းသောအစားအစာများကိုစားသုံးခြင်းက ကျန်းမာရေးအတွက်သင့်လျော်ကောင်းမွန်သည်ဟုလည်းယူဆကြသည်။ ထို့ကြောင့်သင့်အနေဖြင့် ကယ်လိုရီနည်းသောထုတ်ကုန်များအား ရွေးချယ်စားသုံးခြင်းက အမှန်ကန်ဆုံးဖြစ်လိမ့်မည်ဟု ထင်ကောင်းထင်နေနိုင်ပါသည်။

သို့သော် အဆိုပါအချက်အား ငြင်းပယ်လိုပါသည်။ ကယ်လိုရီနည်းသော အစားအစာများကိုသာရွေးချယ်စားသုံးခြင်းသည် အကောင်းဘက်ကိုဦးတည်ခြင်းထက် အဆိုးဘက်ကိုသာပိုများကြောင်းပြောကြားလိုပါသည်။ ကယ်လိုရီတက်မှုနည်းပါးပြီး ချိုလည်းချိုစေရန်အသုံးပြုသည့် Aspartame ဟုခေါ်သာ ဓါတုပစ္စည်းတစ်မျိုးသည် ကင်ဆာ၊မွေးရာပါချို့ယွင်းမှုနှင့်နှလုံးပြဿနာများကိုဖြစ်ပေါ်စေသည့် အဓိကတရားခံလည်းဖြစ်သည်။

Aspartame သည် သကြားလိုကယ်လိုရီမတက်စေသော်လည်း သကြားထက် အဆ ၂၀၀ ပိုချိုသည့် ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး များသောအားဖြင့် စက်ရုံများတွင်ပြုလုပ်လေ့ရှိသောပစ္စည်းတစ်မျိုးလည်းဖြစ်သည်။ ထို့ကြောင့် စူပါမားကတ်များတွင်မြင်တွေ့ရသည့် ကယ်လိုရီနည်းပြီး ဝိတ်မတက်စေသောအစားအစာများကိုတွေ့ပါက ဓါတုပစ္စည်းဟုသာမြင်ယောင်ပြီးရှောင်ကြဉ်ကာ သဘာဝအသီးအရွက်များကိုသာ ပိုတိုးစားသုံးသင့်ကြောင်းလည်းဖော်ပြထားသည်။

(၆) အယ်လ်ကိုဟော

အရက်သောက်ခြင်းသည် ကျန်းမာရေးအတွက်မကောင်းသကဲ့သို့ ကင်ဆာဖြစ်ရသည့်အကြောင်းအရင်းများအနက် ဆေးရွက်ကြီးပြီးပါက ဒုတိယ မှာ အယ်လ်ကိုဟောပင်ဖြစ်သည်။အယ်လ်ကိုဟောကို နည်းနည်းသာ သောက်ပါက ကျန်းမာရေးအတွက်ကောင်းမွန်ပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုသော်လည်း အလွန်အကျွံ့ သောက်သုံးပါက နှလုံးရောဂါ၊လေဖြတ်ခြင်းနှင့် ရုတ်တရက်သေဆုံးခြင်းတို့ကိုလည်းဖြစ်စေနိုင်သည်။

အရက်အလွန်အကျွံသောက်ခြင်းသည် အစာပြွန်၊ အသည်း၊ပါးစပ်၊အူလမ်းကြောင်းနှင့် ရင်သားတို့တွင် ကင်ဆာဖြစ်စေသည့် အဓိကအကြောင်းရင်းများဖြစ်သဖြင့် ထိန်းထိန်းသိမ်းသိမ်းသောက်သုံးသင့်ပြီး ညစာစားချိန်များ၌ ဝိုင်တစ်ခွက်သော်လည်းကောင်း အယ်လ်ကိုဟောတစ်ခွက်တည်းကိုသော်လည်းကောင်း မှီဝဲသင့်သည်ဟုလည်းအကြံပြုထားသည်။

(၇) အနီရောင်ရှိသောအသားများ

အနီရောင်ရှိသောအသားဆိုသည်မှာ အစိမ်းတုန်းကနီပြီး ချက်ပြီးပါက အညိုရောင်ပြောင်းသွားတတ်သောအသားမျိုးဖြစ်သည်။ပုံမှန်အားဖြင့် အဆိုပါအသားများသည် ကြက် သို့မဟုတ် ငါးကဲ့သို့သော အခြားအသားများထက် အဆီနှင့်ကိုလက်စထရောပိုများသည်။အမဲသားနှင့် ဘာဂါကဲ့သို့သော အသားများကို နေ့စဉ်စားသုံးသူများသည် သေစေတတ်သော ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေပိုများသည်ဟုလည်းဖော်ပြထားသည်။အနီ‌ရောင်အသားများအား အများအပြားစားသုံးပါက ကင်ဆာဖြစ်နိုင်ခြေအန္တရာယ်သည် အမျိုးသားများအတွက် ၂၂ ရာခိုင်နှုန်းနှင့် အမျိုးသမီးများတွင် ၂၀ ရာခိုင်နှုန်းအထိတိုးလာစေသည်ဟုလည်းသိရသည်။

အနီရောင်ရှိသောအသားများ၌ ပြည့်ဝဆီနှင့်ကိုလက်စထရောများမြင့်မားစွာပါဝင်ပြီး အလွန်အကျွံစားသုံးပါက အချို့သောကျန်းမာရေးပြဿနာများပါဖြစ်စေပြီး ပုံမှန်စားသုံးပါက နှလုံးရောဂါ၊ အမျိုးအစား ၂ ဆီးချိုရောဂါနှင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ တိုးလာနိုင်ကြောင်းလည်းဆိုထားသည်။ထို့ကြောင့် သင့်အနေဖြင့် အကင်စားခြင်းကို နှစ်သက်လျှင်ပင် တစ်ပတ်လျှင် တစ်ကြိမ်ထက်ပိုမစားသင့်ဘဲ အနီရောင်အသားဓာတ်လိုချင်ပါက သဘာဝအမဲသားကိုစားရန်လည်းတိုက်တွန်းထားသည်။

(၈) ဟင်းသီးဟင်းရွက်ဆီ

ဟင်းသီးဟင်းရွက်ဆီဆိုသည်မှာ ဟင်းသီးဟင်းရွက်များအား ဓာတုပစ္စည်းများသုံးကာ အဆီထုတ်ထားခြင်းဖြစ်ပြီး သဘာဝအတိုင်းရသည့်ဆီများမဟုတ်သဖြင့် ကင်ဆာဖြစ်နိုင်ချေများသည့်အစားအစာများထဲတွင်ပါဝင်နေသည်။

အဆိုပါအဆီများသည် ကင်ဆာ၊မွေးရာပါချို့ယွင်းချက်များနှင့် နှလုံးရောဂါတို့ကိုဖြစ်စေသည့်အတွက် ဟင်းသီးဟင်းရွက်ဆီများဖြင့် ချက်ပြုတ်ခြင်းမပြုဘဲ သံလွင်ဆီ၊ပဲပိစပ်နှင့် ကာနိုလာကဲ့သို့သော ကျန်းမာရေးနှင့်ညီညွတ်သည့်ဆီများကိုသာ စားသုံးရန်လည်းတိုက်တွန်းထားသည်။

(၉) သန့်စင်ထားသောသကြားများ

သန့်စင်ထားသောသကြားများသည် ပိုမိုနူးညံ့ကာ သန့်စင်စေရန်အတွက် ဓာတုနည်းလမ်းများအသုံးပြုပြီး အရောင်ချွတ်သန့်စင်ထားသော သကြားများဖြစ်သည်။သန့်စင်ထားသောသကြားများသည် ကိုယ်အလေးချိန်တက်စေရုံသာမက ကင်ဆာဆဲလ်များ၏ အကြိုက်ဆုံးအစားအစာလည်းဖြစ်သည်။သကြားလုံး၊ကိတ်မုန့်၊ဘီစကွတ်၊ဖျော်ရည်၊ ဆိုဒါ၊ စီရီရယ်တို့တွင် ကင်ဆာဖြစ်စေသည့်ဓာတုပစ္စည်းများအပြည့်ပါဝင်သည်။

အချိုဓာတ်သကြားဓာတ်ကို အလွန်အကြူးစွဲလန်းနေသူများကြောင့် ကင်ဆာဖြစ်ပွားမှုနှုန်း တိုးလာနေသည်မှာ အံ့ဩစရာမဟုတ်ဘဲ သန့်စင်ပြီးသကြားစားသုံးမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရန် ပျားရည်၊မေပယ်ရည်နှင့် သစ်သီးကဲ့သို့သော ကျန်းမာရေးနှင့်ညီညွတ်သည့် အချိုဓာတ်အရင်းအမြစ်များကို ရွေးချယ်ရန်လည်းအကြံပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here