ငွေကြေးခဝါချမှု စွဲချက်အတွက် ထိုင်း ဒု-ရဲချုပ် လာရောက်အဖမ်းခံ

0
105

ငွေကြေးခဝါချမှုစွဲချက်နဲ့ တရားရုံးက ဖမ်းဝရမ်းထုတ်ခံရအပြီးမှာ ထင်ရှားသော အမှုများစွာအတွက် ပါဝင်ပတ်သက်မှုရှိနေတဲ့ ထိုင်းနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ်ဖြစ်သူဟာ အင်္ဂါနေ့မှာ လာရောက်အဖမ်းခံခဲ့ကြောင်း သိရပါတယ်။ သု့ကို လေးနာရီအကြာ စစ်မေးမှုတွေလုပ်ပြီးနောက် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ရဲဗိုလ်ချုပ်ကြီး Surachate Hakparn ဟာ မကြာခင်ကမှ ရာထူးကနေ ဆိုင်းငံ့ခံထားရတာလည်းဖြစ်ပါတယ်။ ၎င်းကို ငွေကြေးခဝါချမှုနဲ့ ဘန်ကောက် ရာဇဝတ်တရားရုံးက အင်္ဂါနေ့အစောပိုင်းမှာ ဖမ်းဝရမ်းကို အတည်ပြုပေးခဲ့တာဖြစ်တယ်လို့ ထိုင်း မီဒီယာတွေက ဖော်ပြပါတယ်။ စစ်ဆေးမေးမြန်းမှုတွေလုပ်ဖို့အတွက် ၎င်းကို သုံးကြိမ်တိုင် ဆင့်ခေါ်ခဲ့မှုအား သတင်းပို့ဖို့ ပျက်ကွက်ခဲ့ပြီးနောက် တရားရုံးက Surachate ကို ဝရမ်းထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Surachate ဟာ ဘန်ကောက်ရဲ့ Taopoon ရဲစခန်းကို လာရောက်ခဲ့ပြီးနောက် နာရီအတော်ကြာမှာ ပြန်ထွက်လာခဲ့ကာ သူ့အနေနဲ့ ဝရမ်းအမိန့်ကို လိုက်နာဖို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ အမှုလုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

သူ့အပေါ် စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အမှုနဲ့ ပတ်သက်လို့ ”ကျွန်တော် စိတ်မပူပါဘူး” လို့ စောင့်ဆိုင်းနေတဲ့ ကားပေါ်မတက်ခင် ၎င်းက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ သူ့ကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပေမယ့် အာမခံကြေး ပမာဏကိုတော့ တိတိကျကျ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

ရာထူးဆိုင်းငံ့ခံရသူ ​နောက်တစ်ဦးဖြစ်တဲ့ အမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် Torsak Sukvimol နှင့် တစ်ချိန်တည်းလိုလို Surachate လည်း ရာထူးဆိုင်းငံ့ခံခဲ့ရတာဖြစ်ပြီး ယင်းသို့ ဆိုင်းငံ့ခံရပြီး သီတင်းနှစ်ပတ်မပြည့်ခင်မှာ ဖမ်းဝရမ်းထုတ်ခံရတာဖြစ်ပါတယ်။ Surachate ဟာ တရားမဝင် လောင်းကစားလုပ်ငန်းတစ်ခုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လူထုကြားမှာ အငြင်းအခုံတွေဖြစ်ခဲ့ပြီးနောက် ၎င်းတို့ကို ရာထူးဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

Surachate အပေါ် စွပ်စွဲချက်တွေနဲ့ သူ့ရဲ့ တန်ပြန်စွပ်စွဲချက်တွေဟာ ရဲဋ္ဌာနရဲ့ အမြင့်ဆုံးအရာရှိများအတွင်း ပြင်းထန်သော ပဋိပက္ခတစ်ခုဖြစ်ပေါ်နေတဲ့ လက္ခဏာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

abc News,
Thai PBS World


LEAVE A REPLY

Please enter your comment!
Please enter your name here