၀က်ကျောက်ကပ် အစားထိုးထားတဲ့ အမေရိကန်လူနာ ဆေးရုံမှဆင်း

0
209

မျိုးဗီဇပြုပြင်ထားတဲ့ ဝက်တစ်ကောင်မှ ကျောက်ကပ်ကို ပထမဆုံး အစားထိုးကုသမှုခံယူခဲ့တဲ့ လူနာဟာ အခြေအနေကောင်းမွန်တာကြောင့် ခွဲစိတ်မှုအပြီး နှစ်ပတ်အကြာမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရပါတယ်။

အစားထိုးကုသမှုနဲ့ ယင်းရဲ့ အားတက်ဖွယ်ရလဒ်ဟာ ဆေးပညာမှာ ထူးခြားတဲ့ အခိုက်အတန့်ကို ကိုယ်စားပြုပြီး မျိုးစိတ်များဖြတ်ကျော် ကိုယ်အင်္ဂါအစားထိုးတဲ့ခေတ်တစ်ခုအတွက် ရှေ့ဆောင်လမ်းပြဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုပါတယ်။

မျိုးဗီဇပြုပြင်ထားတဲ့ ဝက်တွေကနေ ယခင် ကိုယ်အင်္ဂါအစားထိုးကုသမှုနှစ်ခုကတော့ မအောင်မြင်ခဲ့ဘဲ နှလုံးတွေ အစားထိုးကုသခံခဲ့တဲ့ လူနာနှစ်ဦးစလုံး သီတင်းပတ်အနည်းငယ်အကြာမှာ သေဆုံးခဲ့ကြရပါတယ်။ လူနာတစ်ဦးမှာ ခုခံအားစနစ်က အစားထိုး အင်္ဂါကို လက်မခံဘဲ အဆက်မပြတ် အန္တရာယ်လက္ခဏာတွေကို ပြသခဲ့တယ်လို့ ဆိုပါတယ်။

သို့ပေမယ့် ကျောက်ကပ်အစားထိုးခဲ့တဲ့ အသက် ၆၂ နှစ်အရွယ် မစ္စတာ ရစ်ချတ် စလေမန်ကတော့ ဆီးသွားခြင်း၊ သွေးတွင်းမှ အညစ်အကြေးတွေ ဖယ်ရှားခြင်း၊ ခန္ဓာကိုယ်ရဲ့ အရည်တွေကို ထိန်းညှိပေးခြင်းနဲ့ အခြား အဓိက လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက် အထွေထွေဆေးရုံမှ သူ့ကို ကုသပေးခဲ့တဲ့ ဆရာဝန်တွေက ပြောဆိုပါတယ်။

ဒီလိုအကောင်းမွန်ဆုံး အခြေအနေတစ်ခုနဲ့ ဆေးရုံက ဆင်းခဲ့နိုင်တာဟာ သူ နှစ်များစွာ ဖြစ်လိုခဲ့တဲ့ အရာတစ်ခုဖြစ်ကြောင်းနဲ့ ယခုအခါ အမှန်တစ်ကယ်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း မစ္စတာ စလေမန်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုပါတယ်။

သူ့အနေနဲ့ ဂရုတစိုက် ပြုစုကုသမှု ရရှိခဲ့ပြီး သမားတော်တွေ၊ သူနာပြုတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းရဖို့ စောင့်ဆိုင်းနေကြရတဲ့ ကျောက်ကပ်လူနာတွေအပါအဝင် သူ့ကို ဆုတောင်းပေးခဲ့သူများကို ကျေးဇူးတင်ရှိပါကြောင်းလည်း ဆိုခဲ့ပါတယ်။

“ဒီနေ့ဟာ ကျွန်တော့်အတွက်သာမက သူတို့အတွက်လည်း အသစ်တစ်ခု စတင်လိုက်တဲ့နေ့ပါ” လို့ မစ္စတာ စလေမန်က ဆိုပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here