ထိုင်းသင်္ကြန် အရက်ကင်းစင်ရေး တိုက်တွန်း

0
121

အများပြည်သူ ဘေးကင်းလုံခြုံရေးအလို့ငှာ လာမယ့် ဆွန်ခရန်သင်္ကြန်ကို အရက်သေစာမပါဘဲ ဆင်နွှဲကြဖို့ ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဋ္ဌာနနဲ့ ကျန်းမာရေး အထောက်အကူပြုအဖွဲ့တွေက တိုက်တွန်းကြပါတယ်။

ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပတဲ့ ပွဲတော်ကို အရက်သေစာ သောက်စားခြင်းမပြုဘဲ ဆင်နွှဲတာဟာ အားလုံးအတွက် ဘေးကင်းလုံခြုံစေမှာဖြစ်တယ်လို့ ၎င်းတို့က ပြောဆိုခဲ့ပြီး ပျော်ရွှင်စွာ ရေပက်ကစားရာမှာ အရက်မူးပျော်ပါးတာမျိုး မဖြစ်သင့်ဘူးလို့ ဆိုခဲ့ပါတယ်။

ထိုင်း ကျန်းမာရေးမြှင့်တင်ရေး ဖောင်ဒေးရှင်း(ThaiHealth) က မကြာခင်က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတစ်ခုအရ ဆွန်ခရန် အခမ်းအနားတွေမှာ အရက်သေစာကို ပိတ်ပင်ခဲ့ပါက ပျော်စရာကောင်းလိမ့်မယ်လို့ နိုင်ငံခြားတိုးရစ်တွေရဲ့ ၈၈ ရာခိုင်နှုန်းက ဖြေဆိုကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားတွေအပါအဝင် ဖြေဆိုသူ ၇၅ ရာခိုင်နှုန်းက အရက်ကင်းစင်တဲ့ ဆွန်ခရန်သင်္ကြန်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ ThaiHealth ရဲ့ လက်ထောက်မန်နေဂျာ ဒေါက်တာ ပိုင်ရိုဂျေ ဆာနူရမ်က ပြောဆိုပါတယ်။

သဘောထားအမြင်စစ်တမ်းကို ပြည်နယ် ၁၈ ပြည်နယ်မှ ထိုင်းနိုင်ငံသား ၉၃၉ ဦးနဲ့ နိုင်ငံခြားသား ၄၀၀ အား ကောက်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖြေဆိုသူ ၉၀ ရာခိုင်နှုန်းက သင်္ကြန်ပွဲအခမ်းအနားတွေမှာ အရက်ရောင်းချမှုနဲ့ သောက်သုံးမှု ပိတ်ပင်ခြင်းက ယေဘုယျအားဖြင့် အများပြည်သူ ဘေးကင်းလုံခြုံမှု တိုးတက်စေရာမှာ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပြီး ၈၉ ရာခိုင်နှုန်းကတော့ အရက်သောက်စားခြင်းနဲ့ ဆက်နွယ်တဲ့ မတော်တဆဖြစ်ရပ်တွေ လျှော့ချနိုင်မယ်လို့ ယူဆကြကြောင်း ဒေါက်တာ ပိုင်ရိုဂျေက ပြောဆိုခဲ့ပါတယ်။

ယူနက်စကိုက ဆွန်ခရန်သင်္ကြန်ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသွင်းထားတာကြောင့် ကျန်းမာရေးဝန်ကြီးဋ္ဌနာက ယခုနှစ်မှာ အရက်ကင်းစင်တဲ့ သင်္ကြန်ပွဲဇုန်တွေ ကျင်းပကြဖို့ ပြည်နယ်တာဝန်ရှိသူတွေကို အားပေးတိုက်တွန်းခဲ့ပါတယ်။

သင်္ကြန်ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံ လေဆိပ်တွေမှာ တစ်နေ့ကို ခရီးသည် အဝင်အထွက် ၁၂၀၀၀၀ ဝန်းကျင်အထိ ရှိနိုင်ပြီး တစ်နာရီကို လေယာဉ် အတင် အဆင်း ၂၅ ကြိမ်ထက်မနည်း ရှိနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here