အာဆီယံ – ရုရှား ညှိနှိုင်းရေးမှူးတာဝန်ကို ဇူလိုင်လမှစတင်ကာ မြန်မာက တာဝန်ယူမည်

0
159

မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်မှစတင်ကာ အာဆီယံ – ရုရှား ညှိနှိုင်းရေးမှူးတာဝန်ကို ကမ္ဘောဒီးယားနိုင်ငံထံမှ လွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်း အာဆီယံ-ရုရှား ပူးတွဲ ပူးပေါင်းဆောင်ရွက်မှုကော်မတီ အစည်း အဝေးမှ သိရသည်။

(၂၂) ကြိမ်မြောက် အာဆီယံ-ရုရှား ပူးတွဲပူးပေါင်းဆောင် ရွက်မှု ကော်မတီ အစည်းအဝေးကို ဧပြီ (၃)ရက်က ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ 

အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေးညှိနှိုင်းရေးမှူး ကမ္ဘောဒီးယား အမြဲတမ်းကိုယ်စားလှယ် H.E. Heng Sarith နှင့် အာဆီယံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Evgeny Zag aynov တို့က ပူးတွဲ အစည်းအဝေးဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်လည်း ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးသို့ အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ၊ ရုရှားနိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး၊ အာဆီယံဆိုင်ရာ တီမောလက်စ်တေ အဖွဲ့ရုံးက လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အကောင်အထည် ဖော်ရေး လုပ်ငန်းအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်လျှော့ချရေးအတွက် လက်ရှိအာဆီယံတွင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို အစည်းအဝေးသို့ ရှင်းလင်းပြောကြားခဲ့ကြပြီး အဆိုပါ နယ်ပယ်တွင် အာဆီယံနှင့် ရုရှားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လည်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုယ်စားလှယ်များက အာဆီယံ – ရုရှား လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်ရာ၌ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး အောက်မှ တစ်ဆင့် နိုင်ငံရေး နှင့် လုံခြုံရေး၊ စီးပွားရေး နှင့် လူမှုရေးနှင့် ယဉ်ကျေးမှု နယ်ပယ်များတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် နယ်ပယ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here