မဟာအောင်မြေမြို့နယ် လဝကရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ ဝန်ထမ်းနှင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ

0
338

ယနေ့ ဧပြီ (၅)ရက် ၊ နေ့လယ် (၁၂)နာရီခွဲဝန်းကျင် အချိန်က မန္တလေးတိုင်းဒေသကြီး ၊ မဟာအောင်မြေမြို့နယ်၊ ကျွဲဆည်ကန် (၁)လမ်းရှိ လဝကရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်စဥ် တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လဝကရုံးရှိ ဝန်ထမ်း(၂)ဦးအပါအဝင် မှတ်ပုံတင်လာရောက်ပြုလုပ်သူ အရပ်သား(၇)ဦး စုစု ပေါင်း(၉)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်သွားတယ်ဆိုတာတော့သိတယ်။ လူနာတင်ယာဉ်တွေ ၃/၄ စီး ဖြတ်သွားတယ်ဆိုတည်းက တစ်ခုခုဖြစ်ပြီလို့ ထင်နေတုန်း ဗုံးပေါက်တယ်ဆိုတဲ့ သတင်းကြားရတာပဲ။ လူထိခိုက်မှုရှိတယ်လည်းကြားတယ်”ဟု မန္တလေးမြို့ ခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ လဝကရုံးအနီး အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီးနောက် ရုံးအတွင်းသို့ လက်လုပ်ဗုံးဖြင့်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းများတွင်ဖော် ပြထားသည်။

အခင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူနာများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန့်နေ့ ဧပြီ (၄) ရက် ညပိုင်းကလည်း မှော်ဘီမြို့၊အမှတ် ( ၄) လမ်းမကြီးရှိ စစ်ဆေးရေးဂိတ်တွင် တစ်ကြိမ်၊ တွံ့တေးမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တို့တွင် ဗုံးများ အသီးသီးပေါက် ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here