ကောင်စစ်ဝန်ရုံးကိစ္စ အီရန်ရဲ့ လက်တုန့်ပြန်တိုက်ခိုက်လာနိုင်ခြေအတွက် အမေရိကန် လုံခြုံရေးတပ်လှန့်မှု မြှင့်တင်

0
138

ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက တိုက်ခိုက်ခဲ့မှုအတွက် ဒေသတွင်းရှိ အစ္စရေးနဲ့ အမေရိကန်ပိုင်ဆိုင်မှုတွေကို လက်တုန့်ပြန်တိုက်ခိုက်လာနိုင်ခြေနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားဖို့ အမေရိကန်က တပ်လှန့်မှု မြှင့်တင်လိုက်ကြောင်း အမေရိကန် အရာရှိတစ်ဦးက သောကြာနေ့မှာ ပြောဆိုပါတယ်။

နောက်သီတင်းပတ်လောက်မှာ တိုက်ခိုက်မှုတစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ စီအန်အန် သတင်းတစ်ပုဒ်ကို အတည်ပြုရင်း မိမိတို့ သတိကြီးကြီးထားရမှာတော့ သေချာပါတယ်လို့ ယင်းအရာရှိက ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့က ဒမတ်စကတ်ရှိ အီရန်သံရုံးကို အစ္စရေးစစ်လေယာဉ်တွေက တိုက်ခိုက်ခဲ့မှုကြောင့် အီရန် စစ်တပ်ဗိုလ်ချုပ်တစ်ဦးလည်း သေဆုံးခဲ့ပြီး အစ္စရေးရဲ့ ဒေသတွင်းရန်သူများနဲ့ စစ်ပွဲ အရှိန်မြင့်လာမှုကို ထင်သာစေခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုအတွင်း Quds တပ်ဖွဲ့ အကြီးတန်းတပ်မှူးဖြစ်သူ မိုဟာမက် ရီဇာ ဇာဟီဒီအပါအဝင် အီရန်စစ်ဘက်အကြံပေး ၇ ဦး သေဆုံးခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က ပြောဆိုပါတယ်။ ဒီကိစ္စအတွက် ပြတ်ပြတ်သားသား တုန့်ပြန်ပိုင်ခွင့်ရှိထားကြောင်း အီရန်က ပြောဆိုခဲ့ပါတယ်။

အီရန်ရဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ကြာသပတေးနေ့မှာ ဖုန်းဆက်သွယ် ဆွေးနွေးမှုလုပ်ခဲ့ကြောင်း သိရပါတယ်။

မိမိတို့အဖွဲ့အနေနဲ့ ဖြစ်စဉ်နောက်ပိုင်း ပုံမှန်နဲ့ စဉ်ဆက်မပြတ် ဆက်သွယ်မှုရှိနေပြီး အီရန်ရဲ့ ခြိမ်းခြောက်မှုတွေအပေါ် အစ္စရေးရဲ့ ကာကွယ်တုန့်ပြန်မှုအား အမေရိကန်က အပြည့်အဝထောက်ခံတယ်လို့ ဘိုင်ဒင်အစိုးရအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။

Ref: U.S.News


LEAVE A REPLY

Please enter your comment!
Please enter your name here