အကြမ်းဖက်သမားတွေ ပါကစ္စတန်ထဲ ဝင်ပြေးရင် ပါကစ္စတန်ထဲထိ လိုက်သတ်မည်ဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ပြော

0
122

မိမိနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ပြီးနောက် နယ်စပ်ကိုဖြတ်ပြီး ပါကစ္စတန်နိုင်ငံထဲ ဝင်ပြေးသူတွေကို သတ်ဖို့ရာအတွက် အိန္ဒိယက ပါကစ္စတန်နယ်မြေထဲ ဝင်ရောက်မှာဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျေနတ်သ်ဆင်းက ရုပ်သံသတင်းဋ္ဌာန CNN News18 ကို သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။

ပြည်ပမြေပေါ်မှာ နေထိုင်တဲ့ အကြမ်းဖက်သမားတွေ နှိမ်နင်းရေး ကျယ်ပြန့်သော အစီအစဉ်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယအစိုးရဟာ ၂၀၂၀ ပြည့်နှစ်ကစလို့ ပါကစ္စတန်နိုင်ငံတွင်းရှိ လူ ၂၀ ခန့်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဗြိတိန် ဂါးဒီးယန်းသတင်းစာရဲ့ သတင်းဖော်ပြချက်အပြီး နောက်တစ်နေ့မှာ ဝန်ကြီးက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒီသတင်းဖော်ပြချက်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးရန် တောင်းဆိုတဲ့အပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တုန့်ပြန်ခဲ့ခြင်း မရှိသလို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုကြောင်း သိရပါတယ်။ နိုင်ငံနယ်နိမိတ်အတွင်း စစ်သွေးကြွတွေကို အခြေစိုက်ခွင့်ပေးထားတယ်ဆိုမှုကို ပါကစ္စတန်က ငြင်းဆိုထားပါတယ်။

“သူတို့တွေ ပါကစ္စတန်ထဲ ဝင်ပြေးရင် ကျွန်တော်တို့ ပါကစ္စတန်ထဲထိ လိုက်သတ်ပါမယ်” လို့ ဂါဒီးယန်းရဲ့ သတင်းဖော်ပြချက်နဲ့ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားရာမှာ ဆင်းက ပြောဆိုခဲ့ပါတယ်။

အိန္ဒိယအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းကို အမြဲထိန်းသိမ်းလိုပါကြောင်း သို့ပေမယ့် အိန္ဒိယအပေါ် ဒေါသမျက်လုံးတွေ အကြိမ်ကြိမ် ပြသူတွေ၊ အိန္ဒိယနယ်မြေထဲလာပြီး အကြမ်းဖက်လုပ်ရပ်တွေ မြှင့်တင်ဖို့ ကြိုးစားသူတွေကိုတော့ လွှတ်ပေးထားမှာမဟုတ်ဘူးလို့ ဆင်းက ပြောဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်ဘက်ယာဉ်တန်းတစ်ခုကို ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေက အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုလုပ်ဆောင်ခဲ့ပြီးနောက်ကစလို့ နှစ်နိုင်ငံ ဆက်ဆံရေးဆိုးဝါးနေခဲ့ပါတယ်။ ယင်းတိုက်ခိုက်မှုအတွက် ပါကစ္စတန်မှာ အခြေစိုက်တဲ့ စစ်သွေးကြွစခန်းတစ်ခုကို အိန္ဒိယက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။

Ref: DH


LEAVE A REPLY

Please enter your comment!
Please enter your name here