အငြင်းပွား တောင်တရုတ်ပင်လယ်ရေပြင်မှာ ဖိလစ်ပိုင်၊ အမေရိကန်၊ သြစတြေးလျ၊ ဂျပန် လေးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်မည် 

0
113

အငြင်းပွား တောင်တရုတ်ပင်လယ် ရေပြင်မှာ အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတို့ တနင်္ဂနွေနေ့(ဧပြီ ၇) မှာ ရေငုပ်ငင်္ဘောတိုက်ဖျက်ရေးအပါအဝင် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်သွားမှာဖြစ်တယ်လို့ ယင်းနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေကူးတွဲ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။ 

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်တယ်လို့ တရုတ်က အခိုင်အမာဆိုထားတဲ့ အငြင်းပွားရေလမ်းကြောင်းမှာ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်သွားမှာဖြစ်ပြီး ဒါဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဖိလစ်ပိုင်၊ ဂျပန်ခေါင်းဆောင်တွေ ပထမဆုံးအကြိမ် သုံးနိုင်ငံထိပ်သီးအစည်းအဝေး မပြုလုပ်ခင် ရက်ပိုင်းအလိုမှာ လုပ်ဆောင်မယ့် စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။ 

စစ်ရေးစာချုပ်ဝင် မဟာမိတ်နဲ့ လုံခြုံရေးမိတ်ဖက်လေးနိုင်ငံဟာ ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးကို ကာကွယ်စောင့်ရှောက်ရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ ပျံသန်းခွင့်တို့ကို မြှင့်တင်ရေး လေ့ကျင့်မှုတွေလုပ်ဆောင်နေတယ်လို့ စနေနေ့က ထုတ်ပြန်ချက်မှာ ၎င်းတို့ ပြောဆိုပါတယ်။

ထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံရဲ့ အမည်နာမကို ထည့်သွင်းထားခြင်း မရှိပေမယ့် သမိုင်းကြောင်းအရ ကျယ်ပြောလှတဲ့ တရုတ်ရဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ တောင်းဆိုချက်တွေကို ပျက်ပြယ်စေခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတကာ ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိသော အပြီးအပြတ်ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတဲ့ ၎င်းတို့ရပ်တည်ချက်ကို လေးနိုင်ငံက ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ 

မနီလာရှိ ဂျပန်သံရုံးရဲ့ သီးခြားထုတ်ပြန်ချက်တစ်ခုမှာ ရေငုပ်သင်္ဘောဖျက်စစ်ရေးလေ့ကျင့်မှုနဲ့ အခြားစစ်ရေးလေ့ကျင့်မှုတွေလည်းပါဝင်မယ့် တောင်တရုတ်ပင်လယ် လေ့ကျင့်မှုတွေအတွက် ဖျက်သင်္ဘော JS Akebono ကို စေလွှတ်သွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 

တောင်တရုတ်ပင်လယ်အရေးဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့နဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ဂျပန်နိုင်ငံက ယုံကြည်ပြီး ဂျပန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်နဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုက်အဝန်းရဲ့ တရားဝင်စိုးရိမ်ပူပန်မှုဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူ ကီဟာရာက ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။ 

အင်အားသုံးကာ လက်ရှိအနေအထားကို တစ်ဖက်သတ်ပြောင်းလဲစေတာ ပြောင်းလဲဖို့ ကြိုးပမ်းတာတွေအပြင် တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ တိုးလာစေတဲ့ လုပ်ရပ်မှန်သမျှကို ဂျပန်နိုင်ငံက ကန့်ကွက်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။ 

ထို့အတူ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကလည်း သီးခြားထုတ်ပြန်ချက်တစ်ခုမှာ ဒီစစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံတကာ ဥပဒေအရခွင့်ပြုထားတဲ့ နေရာတိုင်းမှာ နိုင်ငံအားလုံး လွတ်လပ်စွာ ပျံသန်းခွင့်၊ ခုတ်မောင်းခွင့်နဲ့ လုပ်ကိုင်ဆောင်ရွက်ခွင့်တို့ သေချာစေရေး မိမိတို့ရဲ့ တူညီတဲ့ ကတိကဝတ်ကို အလေးပေးဖော်ပြတဲ့ လေ့ကျင့်မှုဖြစ်ပါကြောင်း ပြောဆိုခဲ့ပါတယ်။ 

Ref: The Japan Times, ajc.com


LEAVE A REPLY

Please enter your comment!
Please enter your name here