နယ်မြေဒေသအလိုက် ဆီထွက်သီးနှံများ တိုးစိုက်သော်လည်း ပြည်တွင်းစားသုံးဆီအတွက် ဆီဖူလုံမှုမရှိဟုဆို

0
136

ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများကို ရာသီအလိုက်၊ နယ်မြေဒေသအလိုက် တိုးတက်စိုက်ပျိုးနေသော်လည်း ပြည်တွင်းစားသုံးဆီအတွက် ဆီဖူလုံမှုမရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောသည်။

ဧပြီ (၅) ရက်တွင် ပြုလုပ်သည့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အစီအမံများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်း အဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများကို ရာသီအလိုက်၊ နယ်မြေဒေသအလိုက် တိုးတက်စိုက်ပျိုးနေသော်လည်း ပြည်တွင်းစားသုံးဆီအတွက် ဆီဖူလုံမှုမရှိခြင်းကြောင့် ပြည်ပမှ တစ်နှစ်လျှင် စားအုန်းဆီ တန်ချိန်(၆)သိန်းခန့် တင်သွင်းနေရကြောင်း သိရသည်။

ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစ၍ မြေပဲ၊ နှမ်း၊ နေကြာနှင့် ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဆီထုတ် ပဲပုပ်စသည့် ဆီထွက်သီးနှံများကို ရေမြေ၊ ရာသီဥတုအခြေအ နေပေးသည့်ဒေသများတွင် အထူးဇုန် (၇)ခု သတ်မှတ်ပြီးအထူး အရာရှိများ တာဝန်ပေးအပ်၍ တိုးမြှင့်စိုက်ပျိုး ထုတ် လုပ်နေသကဲ့သို့ ပုံမှန်စိုက်ပျိုးလျက်ရှိသော ဒေသများတွင်လည်း ယခင်နှစ်ပျမ်းမျှ အထွက်နှုန်းထက် မလျော့ကျစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ဆီကြိတ်ခွဲမည့် ဇုန်သတ်မှတ်နိုင်ရေး၊ ကြိတ်ခွဲမည့်ပမာဏ လျာထားမှုများအ ပါအဝင် ပံ့ပိုးလုပ်ဆောင်နိုင်ရန်၊ ဆီထွက်သီးနှံများ လုံးဆန်အဖြစ် Export ဆောင်ရွက်မှု၊ စက်မှုကုန်ထုတ်လုပ်ငန်းသုံးရန် စားအုန်းဆီလိုအပ်ချက်အရ ပြည်တွင်းထုတ်လုပ်မှု ပမာ ဏအပေါ်မူတည်၍ အမှန်တင်သွင်းရမည့် ပမာဏ၊ ရောနှော ဆီအတွက် တင်သွင်းရန် စားအုန်းဆီပမာဏ၊ ပြည်တွင်းဆီကြိတ်ခွဲနိုင်ရန် လုံလောက်သည့်ပမာဏကို ဆီစက်များသို့ မရောက်မီ ပြည်ပတင်ပို့ခွင့်နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ် မတ်လအထိ မှတ်ပုံတင်ထားသော ဆီစက်များနှင့် ဆီစက်များ၏ လည်ပတ်ထုတ်လုပ်နိုင်မှုအခြေအနေ၊ ပြည်တွင်းဆီစက်များတွင် အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆော က်ခြင်းနှင့် လက်ရှိဆီစက်များအား အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

စားသုံးဆီလုပ်ငန်းရှင်တဦးက​တော့
“အခုကတော့ စက်မူ ကုန်ကြမ်းအတွက်ပဲ သွင်းခွင့်ပေးပြီး ကျန်တာပြည်တွင်းထုတ်ဖို့ ဖိအားပေးနေတာ​ပေါ့။ ဆီထွက်သီးနှံ စိုက်ဖို့ရောပါ။

ပဲပိစပ် က တန် ၇၀၀၀၀ ကြိတ်မှ ဆီ တန် ၁၀၀၀၀ ထွက်မှာပါ။ အခု မြန်မာပြည်မှာက ၁ လ ကို တန် ၁၅၀၀ ထွက်တဲ့စက်တောင်ရှား​နေပါ​သေးတယ်။

အရင်က ဖြုန်းအားက စားအုန်းဆီ သီးသန့်ကို ၁ လ တန် ၈၀၀၀၀ ရှိပါတယ်။
အရင်က စားအုန်းဆီ ဝင်လာတော့ ဆီစက်တွေက ရပ်သွားတာ။ အခု ရပ်သွားတာတွေ အကုန် ပြည်လည်နိုင်ရင် မီးလာရင်တော့ ၁ လ ကို အသုံးလိုတဲ့ ဆီ လုံလောက်အောင် ထုတ်နိုင်ပါတယ်။ ဒါပေမယ့် စက်တွေ​ခေတ်မမှီတာ FDA မရတာတွေ ဆွဲထုတ်လိုက်ရင် တော့ Capacity ရဲ့ ၃၀% လောက်ပဲ တကယ် ထုတ်နိုင်တဲ့ အနေအထားဖြစ်နေပါ​သေးတယ်”ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here