ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းကို ခန့်အပ်

0
176

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်ဟာ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း အမျိုးသမီး ဂျူလီဘိရှော့ကို သောကြာနေ့မှာ ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ အဆိုးဝါးဆုံးအခြေအနေအဖြစ် အရှိန်မြင့်လာစဉ် ဒီရာထူးအတွက် ၁၀ လကျော်ကြာ လစ်လပ်နေခဲ့ပြီးနောက် အခုလို အစားထိုးခန့်အပ်လာတာဖြစ်ပါတယ်။

ဘိရှော့ဟာ ၂၀၂၃ ခုနှစ်မှာ ရာထူးသက်တမ်းကုန်သွားပြီးနောက် ထွက်ခွာသွားတဲ့ စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာရဲ့ နေရာကို အစားထိုးဝင်ရောက်မှာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဖော်ပြချက်အရ မစ္စဘိရှော့ဟာ နိုင်ငံရေး၊ ဥပဒေရေးရာ၊ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ အတွေ့အကြုံများသူလို့ ဆိုပါတယ်။ သူမဟာ သြစတြေးလျအစိုးရအဖွဲ့မှာ အဆင့်မြင့်ရာထူးများစွာကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး(၂၀၁၃ မှ ၂၀၁၈ အထိ)၊ ပညာရေး၊ သိပ္ပံနဲ့ လေ့ကျင့်ရေးဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီး၊ ဝန်ကြီးချုပ်ရဲ့ အမျိုးသမီးရေးရာ လက်ထောက်ဝန်ကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သလို ၁၉၉၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ သြစတြေးလျပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ နိုင်ငံရေးသက်တမ်းတလျှောက် မစ္စဘိရှော့ဟာ ဒေသတွင်း မိတ်ဖက်တွေနဲ့အတူ ထိတွေ့ဆက်ဆံမှု အားကောင်းခိုင်မာခဲ့ကာ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တွေမှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ သူမဟာ သြစတြေးလျအမျိုးသားတက္ကသိုလ်ရဲ့ အဓိပတိအဖြစ် ထမ်းဆောင်နေပြီး သြစတြေးလျ Adelaide တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရရှိထားသူဖြစ်တယ်လို့ သိရပါတယ်။

Ref: UN.org , AP


LEAVE A REPLY

Please enter your comment!
Please enter your name here