ထိုင်းမှာကွန်ဒိုဝယ်ယူသူများတွင် တရုတ်နိုင်ငံသားများကခြောက်နှစ်ဆက်တိုက် အများဆုံးဖြစ်

0
119

အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ(REIC) က ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုမီနီယံ လွှဲပြောင်းရောင်းချမှုအခြေအနေ ခြုံငုံသုံးသပ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ယင်း အစီရင်ခံချက်အရ နိုင်ငံခြားဝယ်လက်တွေ ဝယ်ယူတဲ့ ကွန်ဒိုတစ်ယူနစ် ပျှမ်းမျှဈေးနှုန်းဟာ အမြင့်ဆုံးစျေးဖြစ်ပြီး ပိုမိုအရေးပါတဲ့ ဈေးကွက်ပိုင်းတွေကိုဝယ်ယူမူပြုတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်မှာ နိုင်ငံခြား ပိုင်ရှင်ဖြစ်သူတွေထံ ကွန်ဒိုလွှဲပြောင်းပေးခဲ့မှုအရေအတွက်ဟာ ၁၃.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁၄၄၄၉ ယူနစ်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြားပိုင်ရှင်တွေထံ လွှဲပြောင်းပေးခဲ့တဲ့ ကွန်ဒိုတွေရဲ့ စုစုပေါင်းတန်ဖိုးကလည်း ၂၄ ရာခိုင်နှုန်းတိုးခဲ့ပြီး ဘတ် ၇.၃၁ ဘီလီယံရှိခဲ့ပါတယ်။

နိုင်ငံခြားဝယ်လက်တွေ အကြိုက်ဆုံးဝယ်ယူနေတဲ့ နေရာတွေဟာ ချွန်ဘူရီ(၄၁.၁ ရာခိုင်နှုန်း) ဘန်ကောက်(၃၈ ရာခိုင်နှုန်း) တို့ဖြစ်ပြီး ကွန်ဒိုယူနစ်တွေ လွှဲပြောင်းပေးခဲ့တဲ့ ထိပ်ဆုံး နိုင်ငံခြားသားဝယ်လက်တွေကတော့ တရုတ်(၆၆၁၄ ယူနစ်)၊ ရုရှား(၁၂၆၀)၊ အမေရိကန်(၆၃၁)၊ မြန်မာ(၅၆၄)၊ ထိုင်ဝမ်(၅၃၂) တို့ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အကြား ကွန်ဒိုဝယ်ယူမှုအများဆုံး ထိပ်ဆုံး နိုင်ငံသား ၅ ဦးမှာတော့ တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ဖြစ်ကြပါတယ်။

တရုတ်ဝယ်လက်တွေက တစ်ယူနစ်ကို ပျှမ်းမျှဈေးနှုန်း ဘတ် ၅.၂ သန်းတန်(အကျယ် ပျှမ်းမျှ ၃၉.၅ စတုရန်းမီတာ)၊ မြန်မာဝယ်လက်တွေ ဝယ်ယူတဲ့ တစ်ယူနစ် ပျှမ်းမျှ အမြင့်ဆုံးဈေးနှုန်း ၆.၆ သန်းရှိတယ်လို့ ဆိုပါတယ်။

မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကစလို့ မြန်မာဝယ်လက်တွေ နှစ်စဉ်တိုးလာနေတယ်လို့ REIC ဒါရိုက်တာ ဗီချိုင်း ဗီရတ်ကာပန်က ပြောဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံရှိ ကွန်ဒိုယူနစ် စုစုပေါင်း ၃၀ ကို ဝယ်ယူခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် ၂၇၄ သန်းရှိပြီး တစ်ယူနစ် ပျှမ်းမျှဈေးနှုန်းမှာ ၉.၁ သန်းရှိခဲ့ကြောင်း သိရပါတယ်။

ယင်းမှာ မြန်မာဝယ်လက်တွေဟာ ပိုကျယ်ပြီး ဈေးပိုမြင့်တဲ့ ကွန်ဒိုတွေကို ဝယ်ယူလေ့ရှိတာတွေ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေဝယ်ယူတဲ့ ကွန်ဒိုအခန်းရဲ့ ပျှမ်းမျှအရွယ်အစားဟာ ၅၀ စတုရန်းမီတာနဲ့ အထက်ဖြစ်တယ်လို့ သိရပါတယ်။

Ref: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here