ထိုင်း ကန်ချနာဘူရီပြည်နယ်မှာ မြန်မာနိုင်ငံသား ၁၃၅ ဦး ဖမ်းဆီးခံရ

0
157

ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ်မှာ ကလေးငယ် လေးဦးအပါအဝင် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃၅ ဦးကို သီးခြားဖြစ်စဉ်နှစ်ခုအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၃၂၃ အဝေးပြေးလမ်းမပေါ်မှာ မြောင်ခရိုင်ကို ဦးတည်မောင်းနှင်နေတဲ့ သံသယဖြစ်ဖွယ် ပစ်ကပ်ထရပ်ကားတစ်စီးကို တွေ့ရှိခဲ့ကြောင်း သောကြာနေ့ ညနေ ၅ နာရီခန့်မှာ ပြည်သူတစ်ဦးက ပြည်နယ်ရဲတပ်ဖွဲ့ ဒု-ရဲမှူး ရဲမှူးကြီး ပတ်တာရာချိုင် ကိုရာဆန်နန်နဲ့ အမှုစစ်ရဲအရာရှိ ရဲမှူးကြီး မာနာ ဆမ်ရာဝေါင်တို့ကို သတင်းပို့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ယင်းနောက် အရာရှိနှစ်ဦးပါ တပ်ဖွဲ့တစ်ခုက အဝေးပြေးလမ်းမတလျှောက် စစ်ဆေးရေးဂိတ်တွေမှာ ထရပ်ကားကို စောင့်ဖမ်းခဲ့တာဖြစ်ပြီး ည ၆ နာရီခွဲလောက်မှာ ကားကို ရပ်တန့်စစ်ဆေးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

ယင်းမှာ ထိုင်းယာဉ်မောင်းဖြစ်သူနဲ့ မြန်မာနိုင်ငံသား ၅၈ ဦးကို ဖမ်းမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူကို နိုင်ငံအတွင်း ပြည်ပနိုင်ငံသားတွေ တရားမဝင်ခေါ်သွင်းမှုနဲ့ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဖြစ်စဉ်တစ်ခုမှာတော့ သွန်ဖာဖမ်ခရိုင် သာခန်နန်မြို့နယ်က တောတွင်းတစ်နေရာမှာ နိုင်ငံခြားသား အလုပ်သမားတွေ ပုန်းအောင်းနေတယ်ဆိုတဲ့ သတင်းပေးချက်အရ ထိုင်း လုံခြုံရေးတပ်ဖွဲ့တွေက သွားရောက်ရှာဖွေရာမှာ ကလေးငယ် လေးဦးအပါအဝင် မြန်မာနိုင်ငံသား ၇၇ ဦးကို တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့တွေဟာ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးလာကြသူတွေဖြစ်တယ်လို့ စကားပြန်ကတဆင့် ပြောဆိုခဲ့ကြကြောင်း သိရပါတယ်။

လက်ရှိမှာ ယင်းမြန်မာနိုင်ငံသား အဖွဲ့နှစ်ဖွဲ့ကို နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ အမှုဖွင့်အရေးယူထားပြီး မြန်မာနိုင်ငံဘက် ပြန်လွှဲပို့သွားမှာဖြစ်တယ်လို့ ထိုင်းစစ်တပ် အမှတ် ၉ ခြေလျင်တပ်ရင်းရဲ့ Ladya အထူးတပ်ဖွဲ့ ဒုတိယတပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး ဆူရာဒက် မီကာနူဝေါင်က ပြောဆိုခဲ့ပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here