နျူကလီးယားဓါတ်အားပေးစက်ရုံကို ယူကရိန်းက တိုက်ခိုက်ခဲ့ကြောင်း ရုရှားက စွပ်စွဲရာ ကိဗ်ဖက်က ပယ်ချ

0
161

ရုရှားတပ်တွေ ထိန်းချုပ်ထားတဲ့ Zaporizhzhia နှူကလီးယားဓါတ်အားပေးစက်ရုံကို တနင်္ဂနွေနေ့မှာ ယူကရိန်းက သုံးကြိမ်တိုင်တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ရုရှားက ပြောဆိုပြီး အနောက်အုပ်စုအနေနဲ့ ဒီလုပ်ရပ်ကို တုန့်ပြန်ဖို့ တောင်းဆိုခဲ့ပါတယ်။ သို့ပေမယ့် ယူကရိန်းဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ ငြင်းဆိုကြောင်းလည်း သိရပါတယ်။

ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ နျူကလီးယားစက်ရုံကို တိုက်ရိုက်ပစ်မှတ်ထားခံရတာဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ နျူကလီးယားဘေးကင်းလုံခြုံမှုအတွက် အန္တရာယ်ရှိစေတယ်လို့ စက်ရုံနယ်မြေမှာရှိနေတဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ ကျွမ်းကျင်သူတွေက ပြောဆိုခဲ့ပါတယ်။

ရုရှားတပ်တွေ ယူကရိန်းကို အလုံးစုံကျူးကျော်မှုစပြီး သိပ်မကြာခင် ၂၀၂၂ ခုနှစ်မှာ စက်ရုံကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ စက်ရုံကို တိုက်ခိုက်ခြင်းဖြင့် နျူကလီးယားမတော်တဆမှု အန္တရာယ်ပေါ်ပေါက်လာအောင်လုပ်ဆောင်နေတယ်လို့ မော်စကိုနဲ့ ကိဗ်နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲမှုတွေ အကြိမ်ကြိမ်လုပ်ထားခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က ယူကရိန်းဟာ စက်ရုံကို ဒရုန်းတွေနဲ့ သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ရုရှားနိုင်ငံ နျူကလီးယားကော်ပိုရေးရှင်း Rosatom က ပြောဆိုခဲ့ပြီး ပထမတစ်ကြိမ် ကန်တင်းအနီးတိုက်ခိုက်ခဲ့မှုမှာ လူ သုံးဦးဒဏ်ရာရခဲ့ကာ ယင်းနောက် ကုန်တင်ကုန်ချဧရိယာမှာ တစ်ကြိမ်နဲ့ ဓါတ်ပေါင်းဖို အမှတ် ၆ အပေါ်အမိုးခုံးကို တစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

“Zaporizhzhia နျူကလီးယားဓါတ်အားပေးစက်ရုံဟာ မကြုံစဖူး ဒရုန်းတိုက်ခိုက်မှုကို ဆက်တိုက်ကြုံတွေ့နေရပြီး စက်ရုံဘေးကင်းလုံခြုံရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်” လို့ Rosatom က ပြောဆိုခဲ့ပြီး စက်ရုံနဲ့ ဘေးပတ်ဝန်းကျင်ရဲ့ ရေဒီယိုသတ္တိကြွမှုအဆင့်ကတော့ အပြောင်းအလဲမရှိခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

ယူကရိန်းထောက်လှမ်းရေးအရာရှိတစ်ဦးကတော့ စက်ရုံကို တိုက်ခိုက်မှုတွေဟာ ကိဗ်နဲ့ ပတ်သက်ဆက်နွယ်ခြင်းမရှိကြောင်းနဲ့ ဒီလုပ်ရပ်ဟာ ရုရှားနိုင်ငံသားတွေကိုယ်တိုင်လုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: Indian Express


LEAVE A REPLY

Please enter your comment!
Please enter your name here