ရာသီဥတု ပူနွေးစေ​သော ဓါတ်ငွေ့များကို ဥရောပသို့ မှောင်ခိုတင်သွင်းမှုများရှိနေဟု စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ ဖော်ပြ 

0
92

ရာသီဥတု ပူနွေးမှုဖြစ်စေတဲ့ အအေးခန်းသုံးဓါတ်ငွေ့ အမြောက်အများကို တရုတ်နဲ့ တူရကီနိုင်ငံတို့ကနေ ဥရောပကို မှောင်ခိုတင်သွင်းမှုရှိနေပြီး ယင်း ဓါတ်ငွေ့တွေ အသုံးပြုမှု ကင်းစင်ရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ထိခိုက်စေတယ်လို့ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ(EIA) ရဲ့ တနင်္လာနေ့က အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

ယင်း ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) ဓါတ်ငွေ့တွေဟာ စက်မှုလုပ်ငန်းတွေနဲ့ လက်လီရောင်းချတဲ့ ကုန်စည်တွေကို အအေးခံဖို့အတွက် အများအားဖြင့် အသုံးပြုတဲ့ ဓါတုပစ္စည်းတွေဖြစ်ပြီး အခြားတားမြစ်ထားတဲ့ အအေးခန်းဓါတ်ငွေ့ပစ္စည်းတွေလို အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေခြင်း မရှိပေမယ့် ကာဗွန်ဒိုင်အောက်ဆိုက်ထက် အဆထောင်ပေါင်းများစွာ ပိုမိုအားကောင်းတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ 

HFC အသုံးပြုမှု လျှော့ချရေး ကတိပြုမှုတွေရှိထားပေမယ့် မှောင်ခိုသမားတွေက စစ်ဆေးမှုတွေကို ကျော်လွှားနိုင်ဖို့ ခေတ်မီနည်းစနစ်တွေ ရှာကြံအသုံးပြုလာမှုကြောင့် ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ ဥပေဒစိုးမိုးရေးအဖွဲ့တွေအနေနဲ့ တူရကီ၊ ရုရှား သို့မဟုတ် ယူကရိန်းနိုင်ငံတွေကနေ ဝင်ရောက်လာတဲ့ တရားမဝင်တင်ပို့မှုတွေကို ခြေရာခံဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။    

ဥရောပဈေးကွက်မှာ တရားမဝင် HFC တွေ ရှာတွေ့ဖို့က အတော်လွယ်နေသေးပြီး ကုန်သည်တွေက ၎င်းတို့ နည်းလမ်းတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်နေတဲ့ လက္ခဏာတွေရှိကာ အာဏာပိုင်တွေကို ရှောင်ရှားရာမှာ ဉာဏ်ကောင်းလာကြတယ်လို့ EIA အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Fin Walravens က ပြောဆိုပါတယ်။ 

အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ ထုတ်လုပ် သုံးစွဲမှု လျှော့ချရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် Montreal Protocol အပေါ် ၂၀၁၆ ခုနှစ်မှာ ပြင်ဆင်ခဲ့တဲ့ Kigali ပြင်ဆင်ချက်အရ ဥရောပနဲ့ အခြား စက်မှုနိုင်ငံတွေဟာ ၂၀၁၂ ခုနှစ်မှ ၂၀၃၆ ခုနှစ်အတွင်း HFC သုံးစွဲမှု ၈၅ ရာခိုင်နှုန်းလျှော့ချသွားဖို့ ကတိပြုထားခဲ့ပါတယ်။ ယင်းလျှော့ချမှု ဖြစ်မြောက်စေဖို့အတွက် တရားဝင်ခွင့်ပြုထားတဲ့ HFC ထုတ်လုပ်သူတွေနဲ့ သုံးစွဲသူတွေကို တဖြည်းဖြည်းလျှော့ချစေတဲ့ ခွဲတမ်းသတ်မှတ်ချက်တွေ သတ်မှတ်ပေးခဲ့ကြောင်း သိရပါတယ်။ 

သို့ပေမယ့် ဝယ်လိုအားကောင်းနေဆဲဖြစ်တာကြောင့် ကန့်သတ်အဆင့်သတ်မှတ်လိုက်ခြင်းက ဈေးနှုန်းတွေ တက်လာစေကာ ပစ္စည်းပိုမိုရရှိရေးအတွက် လိုင်စင်ရကုန်သည် အများအပြားပါဝင်တဲ့ မှောင်ခိုသမားတွေအပေါ် မက်လုံးဖန်တီးပေးမှုတွေဖြစ်စေခဲ့တယ်လို့ အစီရင်ခံစာက ဆိုခဲ့ပါတယ်။ 

EIA ရဲ့ ၂၀၂၁ ခုနှစ် စုံစမ်းစစ်ဆေးချက်အရ ဥရောပသို့ တရားမဝင် HFC တွေ မှောင်ခိုသွင်းခြင်းဟာ တရားဝင်ကုန်သွယ်မှုပမာဏရဲ့ ၂၀ နဲ့ ၃၀ ရာခိုင်နှုန်းကြားဖြစ်ပြီး ကာဗွန်ဒိုင်အောင်ဆိုက် CO² တန်ချိန် သန်း ၃၀ နဲ့ ညီမျှတဲ့ ပမာဏဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ လက်ရှိအစီရင်ခံစာအသစ်မှာတော့ မှောင်ခိုတင်သွင်းမှုခန့်မှန်းချက်ကို မဖော်ပြထားပေမယ့် အနည်းငယ်သာ အပြောင်းအလဲရှိတယ်လို့ Walravens က ပြောဆိုခဲ့ပါတယ်။

 Ref:Aol.com


LEAVE A REPLY

Please enter your comment!
Please enter your name here