ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုအတွက် အမေရိကန်က အစ္စရေးကို မီးစိမ်းပြခဲ့ကြောင်း အီရန် စွပ်စွဲ

0
122

ဗိုလ်ချုပ်နှစ်ဦးအပါအဝင် အီရန် စစ်ဘက်အရာရှိ ခုနစ်ဦး သေဆုံးခဲ့တဲ့ ဆီးရီးယားရှိ ကောင်စစ်ဝန်ရုံး အဆောက်အအုံ တိုက်ခိုက်မှုအတွက် အမေရိကန်က အစ္စရေးကို မီးစိမ်းပြခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ဂါဇာနဲ့ လက်ဘနွန်နယ်စပ်တလျှောက် အစ္စရေးနဲ့ တိုက်ခိုက်မှုတွေလုပ်နေတဲ့ စစ်သွေးကြွတွေကို အီရန်က ပံ့ပိုးကူညီနေပြီး အစ္စရေးဟာ အီရန်စစ်ဘက်အရာရှိတွေအပေါ် အရှိန်မြှင့်ပစ်မှတ်ထားနေပုံရပါတယ်။ အစ္စရေးလက်ချက်လို့ အများက လက်ညှိုးထိုးခဲ့တဲ့ ကောင်စစ်ဝန်ရုံးတိုက်ခိုက်မှုအတွက် လက်တုန့်ပြန်မယ်ဆိုတဲ့ တီဟီရန်ရဲ့ ကတိကို နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီရပ်ဒိုလာဟင်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ အမေရိကန်က တာဝန်ရှိပြီး တာဝန်ခံရမှာဖြစ်တယ်လို့ ဒမတ်စကတ်ရှိ အခင်းဖြစ်နေရာကနေ မိမိ ပွင့်ပွင့်လင်းလင်း ပြောလိုကြောင်း အမီရပ်ဒိုလာဟင်းကဒမတ်စကတ်ခရီးစဉ်အတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

သူဟာ ဒမတ်စကတ်မှာ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ် မက်ဒက်နဲ့ တွေ့ဆုံခဲ့သလို သမ္မတ ဘာရှာ အာဆတ်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဂါဇာအရေး၊ ဒေသတွင်း အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ အာဆတ်ရဲ့ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ယင်းနေ့အစောပိုင်းက အခင်းဖြစ်နေရာအနီးရှိ အဆောက်အအုံတစ်ခုမှာ ကောင်စစ်ဝန်ရုံးသစ်ကို ဖွင့်လှစ်ပေးခဲ့တဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ဝါရှင်တန်နဲ့ ဥရောပနှစ်နိုင်ငံဟာ သံတမန်အဆောက်အအုံကို တိုက်ခိုက်ခဲ့မှုအတွက် ရှုတ်ချခဲ့ခြင်း မရှိဘူးလို့ ပြောဆိုခြင်းဖြင့် သူ့ရဲ့ စွပ်စွဲချက်ကို ယုတ္တိရှိစေခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ရှုတ်ချဖို့ ပျက်ကွက်ခဲ့ခြင်းဖြင့် “ဝါရှင်တန်ဟာ အစ္စရေးကို ဒီရာဇဝတ်မှု ကျူးလွန်စေဖို့ မီးစိမ်းပြလိုက်တယ်ဆိုတာ ညွှန်ပြနေတယ်”လို့ သူက ပြောဆိုခဲ့ပါတယ်။

ဘိုင်ဒင်အစိုးရအဖွဲ့ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကြိုတင်သိရှိထားခြင်း မရှိခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဝါရှင်တန်ဟာ အစ္စရေးရဲ့ အရေးပါတဲ့ စစ်ရေးမဟာမိတ်ဖြစ်ပါတယ်။

Ref:abc News


LEAVE A REPLY

Please enter your comment!
Please enter your name here