နေအပြည့်ကြတ်ဖြစ်စဉ်ကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည့် မြောက်အမေရိကတိုက်သားများ

0
297

မြောက်အမေရိကတိုက်တစ်ဝန်းရှိ နေကြတ်ဖြစ်စဉ် စောင့်ကြည့်သူတွေဟာ မွန်းလွဲပိုင်းအချိန်ကောင်းကင်ယံမှာ မည်းနက်နေတဲ့ နေလုံးကြီးကို စူးစိုက်ကြည့်ရှု့ကြရင်း ပျော်ရွှင်ခြင်း၊ တေးဂီတတွေ တီးမှုတ်သီဆိုခြင်း၊ ထိမ်းမြားလက်ထပ်ခြင်း အစီအစဉ်ထူးတွေနဲ့ ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုက်ကြီးကို နေ့ခင်းကြောင်တောင် မှောက်မိုက်သွားစေတဲ့ဖြစ်စဉ်မှာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရပါတယ်။

မက္ကဆီကို ကမ်းခြေအပန်းဖြေစခန်းမှသည် အမေရိကန်-ကနေဒါ နယ်စပ် နိုင်အာဂရာရေတံခွန်အထိ ဒီဖြစ်စဉ်ကို စောင့်ကြည်ခဲ့ကြတဲ့ လူအုပ်တွေဟာ နေအပြည့်ကြတ်မှုကို မြင်တွေ့ရချိန်မှာ စိတ်လှုပ်ရှားစွာ အော်ဟစ်ပျော်ရွှင်ခဲ့ကြပါတယ်။

အာကန်ဆက်ပြည်နယ်ရှိ ပြည်နယ်ရဲ့ တစ်ခုတည်းသော နျူကလီးယားဓါတ်အားပေးစက်ရုံအနီးက လူဦးရေ ၃၀၀၀၀ ခန့်နေထိုင်တဲ့ ရပ်ဆဲလ်ဗေးလ်မြို့လေးမှာ စုံတွဲ ၄၀၀ နီးပါးဟာ Elope and the Eclipse” အမည်နဲ့ လအရိပ်ကျမှုအတွင်း အစုအဝေးလိုက် အမှတ်တရ ထိမ်းမြားလက်ဆက်ခဲ့ကြပါတယ်။

နေအပြည့်ကြတ်မှု နောက်ဆုံး စက္ကန့် ၃၀ အတွင်း လူအုပ်ကြီးက ဆူဆူညံညံ လက်ခုပ်တီးသြဘာပေးရင်း “အရမ်းလှတယ်ဟေ့” လို့ အော်ဟစ်ခဲ့ကြပါတယ်။ ကောင်းကင်ကြီး တဖြည်းဖြည်း ပြန်တောက်ပလာချိန်မှာ တီးဝိုင်းတစ်ခုက R.E.M ရဲ့ ၁၉၉၂ ခုနှစ်မှာ လူကြိုက်များခဲ့တဲ့ Man on the Moon သီချင်းကို တီးခတ်ကာ ဖြည်းဖြည်းချင်းဆုတ်ခွာသွားတဲ့ လရိပ်ကို နှုတ်ဆက်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း မြောက်အမေရိကရဲ့ ကြီးမားသော အစိတ်အပိုင်းကို ဖြတ်ကျော်သွားတဲ့ ပထမဆုံး နေအပြည့်ကြတ်မှုဖြစ်ပါတယ်။

နေကြတ်ဖြစ်စဉ် စောင့်ကြည့်သူများဟာ ဖြစ်စဉ်ကို ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့ခွင့်ရဖို့အတွက် မက္ကဆီကိုရဲ့ ပစိဖိတ်ကမ်းရိုတန်းမှသည် တက္ကဆက်နဲ့ အခြား အမေရိကန်ပြည်နယ် ၁၄ ခုကို ဖြတ်လျက် ကနေဒါထိတိုင် ကီလိုမီတာ ၄၀၀၀ ရှိတဲ့ နေအပြည့်ကြတ်မှုလမ်းကြောင်းတလျှောက်ကို  ခရီးဆန့်ခဲ့ကြကြောင်း သိရပါတယ်။

Ref: Illawara Mercury


LEAVE A REPLY

Please enter your comment!
Please enter your name here