ဂါဇာသို့အထောက်အပံ့များ ပိုပို့ခွင့်ပြုရန် အစ္စရေးကို အိမ်ဖြူတော်ဖိအားပေး

0
277

ဝါရှင်တန်၊ဧပြီ ၉

အစ္စရေးနှင့်ဟားမတ်စ်တို့က ဓါးစာခံလွတ်မြောက်ရေးနှင့် အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးနေအချိန်၌ ဂါဇာသို့လူသားချင်းစာနာမှုအကူအညီများကို ပို၍ ပေးပို့ခွင့်ပြုရန် အမေရိက သည် အစ္စရေးကို ဖိအားပေးတိုက်တွန်းခဲ့ကြောင်းသိရသည်။

ဧပြီလ ၈ ရက် တနင်္လာနေ့တွင် ဂါဇာကမ်းမြောင်သို့ ထောက်ပံ့ရေးအကူအညီများကို သယ်ဆောင်လာသော ထရပ်ကား အစီး ၃၀၀ ကို ဝင်ရောက်ကာ ထောက်ပံ့ခွင့် ပေးခဲ့သော်လည်း တကယ်လိုအပ်နေသေးသည့်အတွက် အစီးရေ ၃၅၀ အထိ ထပ်တိုးလက်ခံပေးရန်လည်းအမေရိက သည် တိုက်တွန်းခဲ့သည်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်က ဂါဇာ၌ ဖမ်းဆီးထားသော ဓါးစာခံများကို ပြန်လွှတ်ပေးရေးအား ဆွေးနွေးရန်အတွက် စီအိုင်အေညွှန်ကြားရေးမှူး ဝီလျံဘန်းစ် သည် ပြီးခဲ့သည့့်သီတင်းပတ်ကုန်ကတည်းက ကိုင်ရိုမှာ ရှိနေသည်ဟု အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီကပြောကြားခဲ့သည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေး ပါ၀င်မည့် သဘောတူညီချက်တစ်ရပ်ကိုလည်း အကောင်အထည်ဖော်ရန် အမေရိက သည် မျှော်လင့်ထားသည်။

ဟားမတ်စ်အဖွဲ့၏ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းသို့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့မှုအတွင်း အစ္စရေးနိုင်ငံသားပေါင်း ၁,၂၀၀ သေဆုံးခဲ့ကြောင်း အစ္စရေး၏စာရင်းများအရသိရသည်။ 

ယနေ့အထိ အစ္စရေး၏တုံ့ပြန်တိုက်ခိုက်မှုကြောင့်လည်း ပါလက်စတိုင်းဒေသခံ ၃၃,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သကဲ့သို့ တိုက်ပွဲကာလအတွင်း ၎င်း၏စစ်သား ၆၀၀ ကျော်ကျဆုံးခဲ့သည်ဟုလည်း အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here