အစ္စရေးက C-Dome ကာကွယ်ရေးစနစ်ကို ပထမဆုံးအကြိမ် ထုတ်သုံး

0
338

နိုင်ငံတောင်ပိုင်းမြို့ အီလတ်အနီး ဝေဟင်ပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ မသင်္ကာဖွယ်ပစ်မှတ်တစ်ခုကို ကြားဖြတ်ဖို့အတွက် အစ္စရေးက C-Dome လို့ခေါ်တဲ့ သင်္ဘောများတွင်တပ်သည့်ကာကွယ်ရေးစနစ်ကို ပထမဆုံးအကြိမ် တပ်ဖြန့်အသုံးပြုခဲ့တယ်လို့ စစ်တပ်က ဧပြီ ၉ ရက်မှာ ပြောဆိုပါတယ်။

C-Dome ဟာ ရော့ကက်တွေ၊ ဒုံးကျည်တွေရဲ့ရန်ကို ဒိုင်းသဖွယ်ကာကွယ်ရာမှာ အသုံးပြုတဲ့ Iron Dome လေကြောင်းကာကွယ်ရေးစနစ်ရဲ့ ရေတပ်သုံး ဗားရှင်းတစ်ခုဖြစ်ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) ဟာ ဧပြီ ၈ ရက်ညနေပိုင်းက အီလတ်မြို့ ဧရိယာမှာ သတိပေးတပ်လှန့်မှုတစ်ခု လုပ်ခဲ့ပါတယ်။ ယင်း ဧရိယာဟာ ဖေဖော်ဝါရီလအတွင်းက ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်ရဲ့ မဟာမိတ် ယီမင် ဟူသီသူပုန်တွေပစ်လွှတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ်ပစ်ချခဲ့ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

အီလတ်မြို့ ဧရိယာဝေဟင်မှာ ရန်လိုတဲ့ ယာဉ်တစ်စင်း ထိုးဖောက်ဝင်ရောက်လာခဲ့မှုကြောင့် အချက်ပေးဥသြသံတွေ ထုတ်လွှတ်ခဲ့ကြောင်းနဲ့ IDF ရဲ့ ရေတပ်ဟာ အစ္စရေးပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်လာတဲ့ လေကြောင်းပစ်မှတ်တစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ဧပြီ ၉ ရက် ထုတ်ပြန်ချက်မှာ IDF က ပြောဆိုခဲ့ပါတယ်။

“ပစ်မှတ်ကို C-Dome ရေတပ်ကာကွယ်ရေးစနစ်က အောင်မြင်စွာ ကြားဖြတ်ချေမှုန်းခဲ့ပါတယ်” လို့ ဆိုခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရမှုသော်လည်းကောင်း ပျက်စီးမှုသော်လည်းကောင်း မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

မသင်္ကာဖွယ်ပစ်မှတ်ဟာ ဒရုန်းတစ်စင်းဖြစ်သလားဆိုတာကို IDF ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခြင်းမရှိပေမယ့် ဒီဖြစ်စဉ်မှာ C-Dome ကို ပထမဆုံးအကြိမ် စစ်ဆင်ရေးအသုံးုပြုခဲ့တယ်လို့ AFP ကို ပြောဆိုခဲ့ပါတယ်။

နိုင်ငံပိုင်အော်ပရေတာ Rafael Advanced Defence Systems ရဲ့ အဆိုအရ ဂျာမန်လုပ် စစ်သင်္ဘောတွေဖြစ်တဲ့ Sa’sa 6-class corvettes တွေမှာ တပ်ဆင်ထားတဲ့ C-Dome ဟာ Iron Dome လိုပဲ ကြားဖျက်တိုက်ဖျက်ရေးလက်နက်စနစ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဟားမတ်စ် ထိန်းချုပ်ရာ ဂါဇာကမ်းမြောင်မှ ပစ်လွှတ်သော ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့အတွက် အစ္စရေးက မြေပြင်အခြေစိုက် Iron Dome တွေကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ယင်းကာကွယ်ရေးစနစ် တစ်ကြိမ်ပစ်လွှတ်တိုင်းမှာ အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here