ရုရှားနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်အတွင်း မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန် တရုတ်ကြိုးပမ်းမည်

0
153

ပေကျင်း၊ဧပြီ ၉

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့်တွေ့ဆုံစဉ်၌ တရုတ်နိုင်ငံသည် မော်စကိုနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ထိပ်တန်းသံတမန်က ဧပြီ ၉ ရက်တွင်ပြောကြားခဲ့သည်။

မစ္စတာလားရော့ဗ်သည် တနင်္လာနေ့က တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ တရားဝင်အလည်အပတ်ခရီး ရောက်ရှိခဲ့သည်။ ယူကရိန်း၌ ရုရှားနှင့်စစ်ပွဲ က အရှိန်အဟုန်ဖြင့်မြင့်လာချိန်တွင် မော်စကိုနှင့်ပေကျင်းတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ခိုင်မာစေရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

ရုရှားနှင့်တရုတ်တို့သည် မကြာသေးမီနှစ်များအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန်အဆက်အသွယ်များကို အရှိန်မြှင့်လာခဲ့ကြပြီး ယူကရိန်းအရေးနောက်ပိုင်း၌ ၎င်းတို့၏ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသည်လည်းပိုမိုနီးကပ်လာခဲ့သည်။

အင်္ဂါနေ့က ကျင်းပသော အစည်းအဝေးများ၌လည်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “သမ္မတဗလာဒီမီယာပူတင်၏ ဦးဆောင်မှုအောက်တွင် ရုရှား၏တည်ငြိမ်သည့်ဖွံ့ဖြိုးတိုးတက်မှုအား တရုတ်နိုင်ငံကထောက်ခံသွားမည်” ဟုလည်းကတိပြုခဲ့သည်။

“ပေကျင်းနှင့်မော်စကိုသည် ကမ္ဘာ့ဇာတ်ခုံ၌ မဟာဗျူဟာ မြောက်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ခိုင်မာစေပြီး အချင်းချင်း ပိုမို ပံ့ပိုးကူညီသွားမှာပါ” ဟုလည်းဝမ်က ပြောကြားခဲ့သေးသည်။

ထို့အတူ သမ္မတပူတင်၏ မာကျောသည့် ဦးဆောင်မှုဖြင့် ရုရှားပြည်သူများသည် တောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်ကြလိမ့်မည် ဟုလည်း ၎င်းကဆိုခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာလားရော့ဗ်ကလည်း သမ္မတပူတင်၏ ရွေးကောက်ပွဲ၌ ထပ်မံအနိုင်ရမှုကို တရုတ်သမ္မတရှီက ဂုဏ်ပြုစကားပြောကြားခဲ့သည့်အပေါ်ကျေးဇူးတင်ရှိပါကြောင်းလည်း အပြန်အလှန်ပြောကြားခဲ့သေးသည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here