သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် ဈေးကြီးမြင့်နေမှုက တောင်ကိုရီးယား ရွေးကောက်ပွဲအတွက် အလေးထားစရာ အကြောင်းဖြစ်နေ

0
136

ဈေးနှုန်းခေါင်ခိုက်နေတဲ့ ပန်းသီးတွေ၊ ကြက်သွန်မြိတ်တွေက ဧပြီ ၁၀ ရက်မှာ မဲရုံတွေဆီ သွားရောက်ကြမယ့် တောင်ကိုရီးယားမဲဆန္ဒရှင်တွေရဲ့ မကျေနပ်ချက်တွေကို လှုံဆော်ပေးလျက်ရှိပါတယ်။

သမ္မတကတော် လက်ဆောင်အဖြစ်ရရှိခဲ့တဲ့ Dior လက်ကိုင်အိတ်ကိစ္စအရှုပ်တော်ပုံနဲ့ ဆက်ဖြစ်နေဆဲ ဆရာဝန်တွေရဲ့ သပိတ်မှောက်မှုတွေလို အငြင်းပွားစရာကိစ္စတွေအပြင် စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်နေမှုနဲ့ စီးပွားရေး တုံ့ဆိုင်းနေမှုတွေက အာဏာရအစိုးရအဖို့ အမျိုးသားလွှတ်တော် ထိုင်ခုံနေရာပြိုင်ပွဲအတွက် မရေရာတဲ့ အနေအထားမှာ ရှိနေစေခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်နဲ့ သူ့ရဲ့ အာဏာရ ပြည်သူ့အင်အား(PPP) ပါတီတို့ဟာ အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီ(DP) ထံကနေ လွှတ်တော်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ မစ္စတာယွန်းဟာ ပြီးခဲ့တဲ့ မတ် ၁၈ ရက်က စူပါမားကက်တစ်ခုကို သွားရောက်စဉ် တစ်ကီလို ၈၇၅ ဝမ်လို့ ဈေးနှုန်းကပ်ထားတဲ့ ကြက်သွန်မြိတ်တစ်စည်းကို ကောက်ယူကာ ဈေးနှုန်းသင့်တင့်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် သူ့အပေါ် စိတ်ဆိုးအမျက်ထွက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

တစ်ကယ်တမ်းမှာတော့ ဒါဟာ အထူးပရိုမိုရှင်းဈေးနှုန်းဖြစ်ပြီး ယင်းအချိန်က တစ်ကီလို ဝမ် ၄၀၀၀ ပေါက်နေတဲ့ ဈေးကွက်ပေါက်ဈေးကို ထင်ဟပ်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ယင်းအတွက် တုန့်ပြန်မှုတွေ ချက်ချင်းပဲ ပေါ်ပေါက်ခဲ့ပြီး အတိုက်အခံတွေဟာ ကိုရီးယားအစားအစာမှာ အဓိကကျတဲ့ ကြက်သွန်မြိတ်စည်းတွေ ကိုင်ဆောင်ရင်း လူထုနဲ့ ထိတွေ့မှုကင်းကွာခြင်းအတွက် သမ္မတကို လှောင်ပြောင်ခဲ့ကြပါတယ်။

ကြိုတင်မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေဟာ ကြက်သွန်မြိတ်တွေထည့်ထားတဲ့ စက္ကူအိတ်တွေကိုင်ကာ ဧပြီ ၆ ရက်နဲ့ ၇ ရက်တို့မှာ မဲရုံတွေဆီ သွားရောက်ခဲ့ကြပါတယ်။ ယင်းအချိန်ကစလို့ မဲရုံတွေဆီ ဟင်းသီးဟင်းရွက်တွေ သယ်ဆောင်မလာဖို့ ရွေးကောက်ပွဲ အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ မဲလာထည့်သူဦးရေ ပိုမိုမြင့်တက်လာရေး လှုံဆော်အားပေးမှုအဖြစ် မဲဆန္ဒရှင်တွေကို သတ်မှတ်ကြိုတင်မဲပေးရက်တွေမှာ မဲပေးခွင့်ပြုထားတဲ့ တင်ကြိုမဲပေးစနစ်ကို ၂၀၁၄ ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။

မဲပေးပိုင်ခွင့်ရှိသူ ၄၄.၃ သန်းအနက် ၃၁.၃ ရာခိုင်နှုန်းဟာ ကြိုတင်မဲပေးစနစ်နဲ့ မဲပေးခဲ့ကြပြီးဖြစ်ကာ ရွေးကောက်ပွဲရဲ့ ယင်းအဆင့်မှာ စံချိန်တင် မဲလာရောက်ပေးမှုဖြစ်ခဲ့ပါတယ်။ ကျန်ရှိတဲ့ မဲဆန္ဒရှင်တွေကတော့ ဧပြီ ၁၀ ရက်နေ့မှာ သူတို့ဆန္ဒမဲတွေအတွက် ဆန္ဒပြုမဲပေးနေကြကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here