မြေနီကုန်း ဗောဓိကုန်းဘုန်းကြီးကျောင်းတွင် တစ်လကြာ စစ်ရှောင်နေရသည့် ဒေသခံများ မြဝတီမြို့ပေါ်သို့ ထပ်မံတိမ်းရှောင်နေရ

0
155

မြဝတီမြို့ ၊ မြေနီကုန်းကျေးရွာ ဗောဓိကုန်းဘုန်းကြီးကျောင်းအတွင်း တစ်လကြာ စစ်ရှောင်နေကြရသည့် ဒေသခံ ပြည်သူ (၁၀၀)နီးပါးမှာ ဧပြီ (၁၁) ရက် နံနက်ပိုင်း၌ မြဝတီမြို့ပေါ်သို့ ထပ်မံပြောင်းရွှေ့တိမ်းရှောင်နေကြရကြောင်း ဒေသခံ စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ စစ်ရှောင်များမှာ မဲကနယ်နှင့် ဖားချောင်းကျေးရွာတို့မှ ဒေသခံအများစု ဖြစ်ကြပြီး အသစ်ဖွင့်လှစ်ထားသည့် မြဝတီမြို့ပေါ် ရှိ ဟေမာန်ဦးဘုန်းကြီးကျောင်းတွင် ခိုလှုံရန် ပြောင်းရွှေ့ပေးနေရကြောင်းဆိုသည်။

“တကယ်လို့ တိုက်ပွဲဖြစ်လာမှ ပြေးလွှားကြရင် အန္တရာယ်များနိုင်တာကြောင့် အခုတည်းက ပြောင်းရွှေ့ဖိုပြောလာလို့ ပြောင်းနေကြတာပါ။ မြဝတီမြို့ပေါ် က ဟေမာန်ဦးဘုန်းကြီးကလည်း စစ်ရှောင်စခန်း စဖွင့်ထားပြီဆိုတော့ အဲဒီကိုပြောင်းကြတာပါ။ က-လေ-းလူကြီး (၉၀)ကျော်လောက်ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြဝတီဒေသခံများအနေဖြင့် ထိုင်းနိုင်ဘက်ခြမ်း မဲ‌ဆောက်မြို့သို့ တိမ်းရှောင်မှုများ ရှိနေပြီး ထိုင်းအစိုးရအနေဖြင့်လည်း မြန်မာဘက်မှကူးလာမည့် စစ်ဘေး ဒုက္ခသည် (၁) သိန်းကို စောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

မြဝတီဘက်ခြမ်း၌ တိုက်ပွဲပြင်းထန်နေချိန် ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ဘက်ခြမ်းတွင် ထိုင်းတပ်မတော်က လုံခြုံရေး တိုးမြင့်ချထားပြီး အခြေအနေစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ပုံစာ – မြဝတီမြို့ပေါ်သို့ ထပ်မံတမ်းရှောင်နေကြရသော ဗောဓိကုန်းကျောင်းရှိဒေသခံစစ်ရှောင်ပြည်သူများ 

(ဓာတ်ပုံ /CJ)


LEAVE A REPLY

Please enter your comment!
Please enter your name here