သုံးနိုင်ငံသဘောတူညီချက်က တောင်တရုတ်ပင်လယ်၏ ဒိုင်းနမစ်ကိုပြောင်းလဲစေလိမ့်မည်ဟုမားကို့စ်ပြော

0
136

ဖိလစ်ပိုင်၊အမေရိကနှင့် ဂျပန်တို့၏ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်သည် တောင်တရုတ်ပင်လယ်နှင့်ဒေသတွင်း၏ ဒိုင်းနမစ်ကိုပြောင်းလဲစေမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက သောကြာနေ့၌ ပြောကြားခဲ့သည်။

“သုံးနိုင်ငံသဘောတူညီချက်ဟာ အလွန်အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု သမ္မတဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါတို့နှင့် တွေ့ဆုံပြီးနောက်တွင် ဝါရှင်တန်ရှိသတင်းစာရှင်းလင်းပွဲ၌ မားကို့စ်ကပြောကြားခဲ့သည်။

တရုတ်နှင့်အခြားနိုင်ငံများအကြား ရေပိုင်နက် အငြင်းပွားမှုများကို ဖြစ်‌ပေါ်စေခဲ့ပြီး နှစ်စဥ်ရေကြောင်းကူးသန်းရောင်းဝယ်မှုမှ ဒေါ်လာ ၃ ထရီလျံကျော်ရရှိသော တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍လည်း လွန်စွာစိုးရိမ် မကင်းဖြစ်ကြောင်း ၎င်းတို့သုံးဦးကဖော်ပြခဲ့ကြသည်။

သို့သော်လည်း မားကို့စ်ကမူ ယခုထိပ်သီးဆွေးနွေးပွဲသည် မည်သည့်နိုင်ငံကိုမှ ဆန့်ကျင်ရန်မဟုတ်ဘဲ မနီလာ၊ဝါရှင်တန်နှင့်တိုကျိုတို့အနေဖြင့် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာဆက်ဆံရေးကို နက်ရှိုင်းစွာ ဆောင်ရွက်လိုခြင်းသာဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

တရုတ်က တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးသည် ၎င်းပိုင်နက်သာဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သော်လည်း ကျန်နိုင်ငံများကအပြင်းအထန်ကန့်ကွက်ကာ တရုတ်၏တောင်းဆိုချက်သည် အခြေအမြစ်မရှိဟု ပြောဆိုကြရာမှ တင်းမာမှုများမြင့်တက်လာကြခြင်းဖြစ်ပြီး အထူးသဖြင့် ဖိလစ်ပိုင်နှင့်တင်းမာမှုပိုမိုမြင့်တက်လာခြင်းလည်းဖြစ်သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here