အီရန်ကအစ္စရေးသို့ပစ်လွှတ်လိုက်သည့်ဒရုန်းများအား အမေရိက ကြားဖြတ်ပစ်ချ

0
169

အစ္စရေးဘက်သို့ဦးတည်လာနေသော အီရန်ဒရုန်းများအား အမေရိကန်စစ်တပ်ကပစ်ချခဲ့ကြောင်း အ မေ ရိကန်အရာရှိသုံးဦးကပြောကြားခဲ့သည်။ သို့သော် ဒရုန်းအစင်း‌ရေမည်မျှကို ပစ်ချခဲ့ကြောင်း နှင့် တည်နေရာအတိအကျကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိ‌ခဲ့ပေ။

“အစ္စရေးလုံခြုံရေးအတွက် ကျွန်တော်တို့ကတိကဝတ်တွေအရ၊ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေက အစ္စရေးကိုပစ်မှတ်ထားပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေကို ဆက်လက်ပစ်ချပေးနေပါတယ်” ဟု အမေရိကန် ကာကွယ်ရေးအကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့ပြီး ကာကွယ်ရေးအထောက်အပံ့များ ကို ထပ်မံပံ့ပိုးပေးရန်နှင့် ဒေသတွင်းရှိနေသော အမေရိကန်တပ်ဖွဲ့များအားကာကွယ်ပေးသွားမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

အလားတူပင် အင်္ဂလန်ကလည်း အမေရိကနှင့်အတူ ဂျော်ဒန်၊အီရတ်နှင့်ဆီးရီးယားတို့သို့ဝင်ရောက်လာသည့် အီရန်ဒရုန်းများကို ကူညီပစ်ချပေးခဲ့ကြောင်းသိရှိရသည်။

အီရန်ဒရုန်းများနှင့်ခရုဇ်ဒုံးကျည်များက ၎င်း၏နယ်နိမိတ်အနီးရောက်ရှိလာချိန်၌ တိုက်လေယာဉ်များအရေးပေါ်ပျံတက်ကာ ကြားဖြတ်ဟန့်တားခဲ့သကဲ့သို့ ၎င်း၏အိမ်နီးချင်းနိုင်ငံများနှင့်မိတ်ဖက်နိုင်ငံများကလည်းကူညီပေးခဲ့ကြောင်း အစ္စရေးကပြောကြားခဲ့သည်။

ဒေသတွင်းရန်ဘက်နိုင်ငံများအကြား ပြဿနာကြီးကျယ် လာစေနိုင်သည့် ယခုတိုက်ခိုက်မှုတွင် အစ္စရေးသို့ ဒရုန်းများနှင့်ဒုံးကျည်ဒါဇင်များစွာကို ပစ်လွှတ်ခဲ့ကြောင်း အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။

အီရန်သည် အစ္စရေးအား လက်တုန့်ပြန်သည့်တိုက်ခိုက်မှုကို စနေနေ့ကပြုလုပ်ခဲ့ပြီး အစ္စရေးပိုင်နက်အတွင်းသို့ ဒရုန်းအစင်းပေါင်းများစွာပစ်လွှတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယခုတိုက်ခိုက်မှုသည် အီရန်က အစ္စရေးသို့ ပထမဆုံးပြုလုပ်သည့် စစ်ရေးအရတိုက်ခိုက်မှုတစ်ခုလည်းဖြစ်သည်။

Ref 1 : ရိုက်တာ
Ref 2 : သည်ဂါးဒီးယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here