ကုလသမဂ္ဂ ပဋိဉာဉ်နှင့် အညီ လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အီရန်ဆို

0
118

အစ္စရေးနိုင်ငံအား ဒရုံးနှင့် ဒုံးကျည် အစင်း ၃၀၀ ခန့်ဖြင့် တိုက်ခိုက်ခြင်းသည် ကုလသမဂ္ဂပဋိဉာဉ်နှင့်အညီ လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန် အမြဲတမ်းသံတမန်ဌာနက ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါရှင်းလင်းချက်ကို ယင်းဌာန၏ တရားဝင် X လူမှုကွန်ရက်အကောင့်တွင်လည်း တင်ပြထားရာ အောက်ပါအတိုင်းဖြစ်သည်။

“ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အပိုဒ် ၅၁ ပါ တရားဝင်သော ကာကွယ်ရေးဆိုင်ရာ ခိုင်မာမှုအရ အီရန်၏ စစ်ရေးဆောင်ရွက်မှုသည် ဒမတ်စကတ်ရှိ ကျွန်ုပ်တို့၏ သံတမန်ရေးရာဌာနများကို ဇီယွန်စစ်အစိုးရ၏ ရန်လိုမှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်သည်။ ယင်းကိစ္စသည် ယခုအခါတွင် နိဂုံးချုပ်သွားပြီဟု ယူဆနိုင်သည်။ သို့သော်လည်း အစ္စရေးစစ်အစိုးရအနေဖြင့် ထပ်မံ၍အမှားတစ်စုံတစ်ရာ ပြုလုပ်မိပါက အီရန်၏တုံ့ပြန်မှုသည် ယခုထက် သိသိသာသာ ပိုမိုပြင်းထန်လာမည်ဖြစ်သည်။ ယင်းသည် အီရန်နှင့် ရိုင်းပျသော အစ္စရေးအစိုးရကြားက ပဋိပက္ခမျှသာဖြစ်ပြီး အမေရိကန်အနေဖြင့် ဝေးဝေးမှ ရှောင်ကြဉ်ရမည်ဖြစ်သည်”ဟု ရေးသားထားခြင်းဖြစ်သည်။

သို့ရာတွင် ကုလသမဂ္ဂ ဆိုင်ရာ အစ္စရေး အမြဲတမ်း ကိုယ်စားလှယ် ဂျီးလဒ်အာဒန်ကမူ အီရန်၏ တိုက်ခိုက်မှုသည် ကုလသမဂ္ဂ ပဋိဉာဉ်ကို ချိုးဖောက်သည်ဟု ယုံကြည်ကြောင်း သိရသည်။

ထို့အပြင် အီရန်၏ တိုက်ခိုက်မှုကြောင့် အကြီးအကျယ်ပျက်စီးမှုမရှိပဲ အနည်းငယ်သော ပျက်စီးမှုများသာရှိကြောင်း အစ္စရေးစစ်တပ်ကပြောသည်။ အီရန်မှ ပစ်လွှတ်သည့် ဒရုံးများ၏ ၉၉ ရာခိုင်နှုန်းခန့်ကိုလည်း အစ္စရေးလေကာစနစ်က ပစ်ချဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယင်းကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here