ထိုင်းမှာ ကမ္ဘာ့အမြင့်ဆုံးတာဝါ တည်ဆောက်မည့် အစီအစဉ်ကို ဝန်ကြီးချုပ် ထုတ်ဖော် ပြောဆို

0
264

ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခု ဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံသူ အုပ်စုဟာ ကမ္ဘာ့အမြင့်ဆုံးဖြစ်လာမယ့် ဘက်စုံသုံးတာဝါတစ်ခုကို ထိုင်းနိုင်ငံမှာ တည်ဆောက်ဖို့ ဆွေးနွေးမှုလုပ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ က ပြောဆိုပါတယ်။

Emaar Group Broad Group နဲ့ Vatone Group တို့ ပါဝင်သော အရှေ့အလယ်ပိုင်းနဲ့ တရုတ်ကုမ္ပဏီများ အုပ်စုတစ်ခုနဲ့ မစ္စတာ ဆရက်သာ တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံမှာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတည်ဆောက်ရေး အစီအစဉ်တွေနဲ့ ပတ်သက်ကာ ဆွေးနွေးခဲ့တယ်လို့ သောကြာနေ့က လူမှုကွန်ရက် X ပေါ်မှာ သူက ပြောဆိုခဲ့ပါတယ်။

Emaar ကုမ္ပဏီဟာ ဒူဘိုင်းမှာရှိတဲ့ ၈၂၈ မီတာမြင့် လက်ရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ Burj Khalifa ကို တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီအဖြစ် လူသိများပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ အမြင့်ဆုံးအဆောက်အအုံကတော့ ဘန်ကောက်မြို့က ၃၁၈ မီတာရှိ အထပ် ၇၀ ပါ Magnolias Waterfront Residences Iconsiam ဖြစ်ပါတယ်။

Emaar ကို တည်ထောင်သူ မိုဟာမက် အလက်ဘားက ထိုင်း ပရောဂျက်ဟာ အများပိုင်ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီက ဆောက်လုပ်မှာ မဟုတ်ပေမယ့် သူ ပုဂ္ဂိုလ်ရေးအရ ပါဝင်တဲ့ ရင်းနှီးမြှုပ်နှံသူအုပ်စုမှ ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ “စူပါမိုးမျှော်တာဝါ” အတွက် ဆွေးနွေးမှုတွေဟာ ကနဦးအဆင့်မှာ ရှိနေသေးတယ်လို့ သူက ပြောဆိုပါတယ်။

ထိုင်းနိုင်ငံရှိ ပရောဂျက်မှာ ကုန်တိုက်ကြီးတစ်ခု၊ ရုံးခန်းတွေ၊ ဘဏ္ဍာရေးအချက်အချာတစ်ခု၊ ဟိုတယ်တစ်ခုနဲ့ ဖျော်ဖြေရေးစင်တာတစ်ခုတို့ ပါဝင်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်က နိုင်ငံရေးလောကကို မဝင်ရောက်မီ အိမ်ခြံမြေလုပ်ငန်း Sansiri Plc ကို ဦးဆောင်ခဲ့သူဖြစ်တဲ့ မစ္စတာ ဆရက်သာက ပြောဆိုခဲ့ပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here