မြန်မာ့အကျပ်အတည်းပိုပြင်းထန်လာလျှင် အကူအညီများထပ်တိုးရန် ထိုင်းအဆင်သင့်ရှိ

0
374

ဘန်ကောက်၊ဧပြီ ၂၀

မြန်မာစစ်တပ်နှင့်လက်နက်ကိုင်တပ်ဖွဲ့များအကြား မကြာမီကဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ ကြီးထွားလာမှုကို စိုးရိမ်မကင်းဖြစ်မိကြောင်း အာဆီယံအသိုင်းအဝိုင်းကထုတ်ဖော်ပြောကြားခဲ့သဖြင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုထပ်တိုးပေးအပ်ရန်စဉ်းစားနေကြောင်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် တိုက်ပွဲများကြောင့် ထိခိုက်ခံစားနေရသော မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရန် အလေးထားဆောင်ရွက်လျက်ရှိပြီး လိုအပ်လာလျှင် ပိုမိုကူညီနိုင်ရန်လည်းအဆင်သင့်ရှိသည်ဟုလည်း ဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် အကျပ်အတည်းကာလအတွင်း နယ်စပ်တစ်လျှောက်ရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊အရပ်ဘက်အဖွဲ့အစည်းများနှင့်ညှိနှိုင်းကာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို တိုးမြှင့်နိုင်မည့်နည်းလမ်းများအား ရှာေဖွမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“လာမယ့်ရက်သတ္တပတ်မှာ အဲ့ဒီအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကိုမျှဝေဖို့ အဲ့ဒီအဖွဲ့အစည်းတွေကိုဖိတ်ခေါ်ဖို့စီစဉ်ထားပါတယ်၊ဘက်ပေါင်းစုံကနေ ညီတူညီမျှထောက်ပံ့နိုင်အောင်ပါလုပ်ဆောင်နေပါတယ်” ဟုလည်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်မတ်လ ၂၅ ရက်နေ့က တာ့ခ်ခရိုင်ရှိ ထိုင်း – မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ၌ပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနကကျင်းပသောအခမ်းအနား၌ ထိုင်းအစိုးရက ကယ်ဆယ်ရေးပစ္စည်း အိတ်ပေါင်း ၄,၀၀၀ ပေးအပ်ခဲ့ကြောင်းလည်းသိရသည်။

ယင်းနောက် ထိုင်းနိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ်နေသောပဋိပက္ခအတွက် အဖြေရှာရန် မြန်မာနိုင်ငံရှိသက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့်တွေ့ဆုံဆွေးနွေးရန်အဆင်သင့်ဖြစ်နေပြီး အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်မည့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ခြင်းအား ထောက်ခံကြောင်းကိုပါပြောကြားခဲ့သည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here