ယူကရိန်း၊ အစ္စရေးတို့ကို အကူအညီပေးမယ့် ကန်ဒေါ်လာ ၉၅ ဘီလီယံ ဥပဒေကြမ်း ကန်အောက်လွှတ်တော် အတည်ပြု

0
195

ရီပတ်ဘလီကန်ရဲ့ သဘောထားတင်းမာသောအမတ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေခဲ့တဲ့ ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အပေါ် လုံခြုံရေး ထောက်ပံ့ရေး ဥပဒေပြုအစီအစဉ်ကိုဘက်ပေါင်းစုံရဲ့ ပံ့ပိုးကူညီမှုနဲ့ အမေရိကန် အောက်လွှတ်တော်က ဧပြီ ၂၀ ရက်မှာ အတည်ပြုပေးလိုက်ကြောင်း သိရပါတယ်။ 

ယခုအခါမှာ ဥပဒေကြမ်းဟာ လွန်ခဲ့တဲ့ နှစ်လကျော်က အလားတူအစီအမံကို အတည်ပြုပေးခဲ့တဲ့ ဒီမိုကရက်အများစု လွှမ်းမိုးရာ ဆီးနိတ်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့မှ အမေရိကန် ခေါင်းဆောင်များမှသည် ရီပတ်ဘလီကန် တိပ်တန်းခေါင်းဆောင် ဆီးနိတ်အမတ် မစ်ချ် မက်ကောနယ်အထိဟာ အကျပ်အတည်းတွေ့နေတဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကို ဥပဒေကြမ်းအား မဲခွဲဆုံးဖြတ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အထက်လွှတ်တော်ဟာ ပဏာမ မဲပေးမှုအချို့နဲ့အတူ ဧပြီ ၂၃ ရက်မှာ အောက်လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကြမ်းကို စတင်ဆွေးနွေးသုံးသပ်ကြဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ သမ္မတဘိုင်ဒင် ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုနိုင်ရေး လမ်းရှင်းပေးမယ့် နောက်ဆုံး အတည်ပြုဆုံးဖြတ်မှုကို နောက်သီတင်းပတ် တစ်ရက်ရက်မှာ ပြုလုပ်သွားမယ်လို့မျှော်လင့်ရပါတယ်။

အဆိုပါ ဥပဒေကြမ်းတွေအရ ယူကရိန်း ပဋိပက္ခဖြေရှင်းရေးအတွက် ကန်ဒေါ်လာ ၆၀.၈၄ ဘီလီယံ၊ လူသာချင်းစာနာမှု အကူအညီအတွက် ဒေါ်လာ ၉.၁ ဘီလီယံအပါအဝင် အစ္စရေးအတွက် ကန်ဒေါ်လာ ၂၆ ဘီလီယံနဲ့ ထိုင်ဝမ် အပါအဝင် အင်ဒို-ပစိဖိတ်ဒေသအတွက် ကန်ဒေါ်လာ ၈.၁၂ ဘီလီယံ ပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။

ယူကရိန်းသမ္မတ ဇလန်စကီးကတော့  ဥပဒေကြမ်း အတည်ပြုလိုက်မှုအတွက် အမေရိကန်လွှတ်တော်အမတ်တွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီနေ့မှာ အရေးကြီးတဲ့ အမေရိကန် အကူအညီပေးရေး ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုလိုက်ခြင်းအားဖြင့် စစ်ပွဲ ကြီးထွားကျယ်ပြန့်မသွားစေဖို့ ထိန်းထားနိုင်မှာဖြစ်ကာ လူထောင်ပေါင်းများစွာရဲ့ အသက်တွေ၊ ဘဝတွေကို ကယ်တင်နိုင်မှာဖြစ်ကာ မိမိတို့နှစ်နိုင်ငံစလုံးကို ပိုမိုအားကောင်းလာစေဖို့ ကူညီနိုင်မှာဖြစ်တယ်လို့ X ပေါ်မှာ ဇလန်စကီးက ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here