ရွှေတိဂုံ စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း ၂၀၂၄ -၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်မည်

0
167

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူခြင်းကို (၅)နှစ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ -၂၀၂၅ ခုနှစ်တွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ပူဇော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းမပြုမီ အထက်ပစ္စယံရှိ စေတီရံများနှင့် နောင်တော်ကြီးစေတီတို့ကို တစ်နှစ်ကြိုတင်၍ ရွှေသင်္ကန်းကပ်လှူခြင်းများ ဆောင်ရွက်လေ့ရှိရာ ယခုအခါ နောင်တော်ကြီးစေတီ ရွှေသင်္ကန်းကပ်လှူခြင်းကို အပြီးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ ရွှေတိဂုံစေတီတော်ကြီးတွင် ဘက်စုံပြုပြင်မွမ်းမံမှုများကို ဆောင်ရွက်လျက်ရှိရာ ဘုရားဖူးပြည်သူများ အပူဒဏ်သက်သာစေရန် စေတီတော်ရင်ပြင်တော်ရှိ ကျောက်ပြားများကို ကော်ပတ်စားခြင်း၊ ပေါ်လစ်တင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ အပိုင်း (၁)မှာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ပြီး အပိုင်း (၂) တွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်တွင် တောင်ဘက်စောင်းတန်းကြီးကို ပြုပြင်မွမ်းမံခဲ့ပြီး ယခုနှစ်တွင် အရှေ့ဘက်စောင်းတန်းနှင့် အနောက်ဘက်စောင်းတန်းတို့ကို ပြုပြင်မွမ်းမံသွားမည်ဖြစ်ပြီး လက်ရှိတွင် မုခ်ဦးဆောင်များနှင့် ရင်ပြင်ဦးဆောင်များရှိ ခြင်္သေ့ရုပ်တုများကိုကြံ့ခိုင်ရေးအတွက် ဆေးသုတ်မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here