ပင်လယ်ပြင်၌ ငါးမဖမ်းရရာသီအတွင်း ငါးဖမ်းကိရိယာပေါ်မူတည်ပြီးငါးဖမ်းခွင့် ဖြေလျှော့ပေးထား

0
368

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရရာသီကို ယခုနှစ် ဧပြီမှ ဇွန်အထိ သုံးလသတ်မှတ်ထားသော်လည်း လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များက ၎င်းတို့၏ အခက်အခဲများကို တင်ပြလာမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ငါးဖမ်းကိရိယာပေါ် မူတည်ကာ လအလိုက် ဖြေလျှော့ဖမ်းခွင့်ပြုထားကြောင်း သိရသည်။

နှစ်စဉ် ငါးရစ်ငါးသန်ထသည့် ကာလဖြစ်သည့် ဧပြီ၊ မေနှင့် ဇွန်သုံးလကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

“ယခင်နှစ်ကတော့ သုံးလစလုံး မဖြေလျှော့ပေးထားဘူး။ ဒီနှစ်မှသာလုပ်ငန်းရှင်၊ အသင်းအဖွဲ့တွေက ငါးဖမ်း ကိရိယာအမျိုးအစားကိုမူတည်ပြီး တင်ပြတဲ့လအလိုက် ဖြေလျှော့ ဖမ်းခွင့်ပြုပေးထားပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ သုံးလတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဝိုင်းကြီးချုပ် ငါးဖမ်းရေယာဉ် အမျိုးအစားကို ဧပြီတစ်လ ငါးဖမ်းခွင့်ပြုထားပြီး၊ တနင်္သာရီတိုင်းဒေသကြီး၌ ကင်းမွန်နှင့် ဝိုင်းကြီးချုပ်ရေယာဉ် အမျိုးအစားများကို ဧပြီနှင့် မေတွင် ငါးဖမ်းခွင့်ပြုထားကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် အင်္ဂလန်ကျားပိုက် အမျိုးအစားကို ဧပြီတစ်လငါးဖမ်းခွင့်ပြုထားပြီး၊ မွန်ပြည်နယ်၌ ဘွန်ချောင်း ကျားပိုက်နှင့် အင်္ဂလန်ကျားပိုက်အမျိုးအစားကို ဧပြီ တစ်လခွင့်ပြုထားကြောင်း သိရသည်။

ကျန်ပင်လယ်ပြင် ကမ်းဝေးငါးဖမ်းရေယာဉ်များသည် ဧပြီမှဇွန်အထိ (၃)လရပ်နားထားရမည်ဖြစ်ပြီး ကမ်းနီးလှေများကိုသာ ငါးဖမ်းခွင့်ပြုထားကြောင်း သိရသည်။

ပင်လယ်ပြင် ကမ်းနီးလှေများက ဖမ်းယူရရှိသည့် ငါး၊ ပုစွန် ရေထွက်ကုန်များကို ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့တင်ပို့နိုင်မည်ဖြစ်ကြောင်း၊မြန်မာ့ပင်လယ်ပြင်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ငါးဖမ်းလှေ ၃၀၀၀ ခန့် လုပ်ကိုင်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here