ဈေးကွက်မကောင်းသည့်အပြင် စိုက်ပျိုးစရိတ်ကြီးမြင့်မှုကြောင့် ခရမ်းချဉ်စိုက် တောင်သူများ အရှုံးပေါ်နေ

0
272

မကွေးတိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးများ ပိတ်ဆို့မှုကြောင့် ကုန်တင်ကားခနှုန်း (၂) ဆမြင့်တက်နေသည့်အပြင် ဈေးမကောင်းသည့်အတွက် အရှုံးပေါ်နေကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

ဒေသနှင့် မြေအနေအထားအလိုက် ခရမ်းချဉ်သီး (၁) ဧကကို မြေဆီ၊ ဆေးနှင့် ခြံလုပ်သားခေါ်ယူခ စုစုပေါင်း သိန်း (၅၀) ဝန်းကျင် ရင်းနှီးရပြီး လက်ရှိဈေးကွက်အခြေအနေအရ ထက်ဝက်ခန့်အရှုံးပေါ်နေကြကြောင်း သိရသည်။

ယခုနှစ် စိုက်ပျိုးရာသီချိန်အတွင်း ခရမ်းချဉ်သီး စိုက်ပျိုးတင်ပို့ရောင်းချသည့် ဈေးကွက်အတွင်း တစ်ပိသာ(၁၀၀) ကျပ် ကျော်သာဈေးရရှိသည့်အတွက် တောင်သူအချို့ မခူးဆွတ်တော့ကြောင်း သိရသည်။

” ဒီနှစ်အတွက် ခရမ်းချဉ်သီးဈေးကွက်နဲ့ ပတ်သက်တဲ့ အခက်အခဲကတော့ ဈေးကွက်က အရင်နှစ်ကထက် ကျဆင်းနေတာပါ။ ပုံမှန်အားဖြင့်ဆိုရင် ပင်းတယ၊ ရပ်စောက်နဲ့  ရွာငံဘက်က စိုက်ပျိုးသူတွေ စုံလာတဲ့အချိန် အသီးအထွက်နှုန်းများပြီး ဈေးကျတတ်တယ်။ အသီးမညီတဲ့အချိန် မတ်လကနေ မေလအတွင်းဆိုရင် နွေသီး ဆိုတော့ ဈေးပုံမှန်ရတတ်ပါတယ်။ ဒီနှစ်မှာ ရှမ်းပြည်နယ်ဘက်ကထွက်တဲ့ အသီးနဲ့တင် ဈေးကောင်း မရဘူးဆိုတော့ တခြားဒေသက အသီးတွေသာ စုပြုံထွက်လာမယ်ဆိုရင် ဒီနှစ်ဈေးကွက်ကတော့ မကောင်းဘူး”ဟု မကွေးတိုင်းရှိ ခရမ်းချဉ်စိုက်တောင်သူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံ၌ ခရမ်းချဉ်သီးကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် စသည့်ဒေသများ၌ စိုက်ပျိုးကြပြီး ဒေသတစ်ခုနှင့်တစ်ခု စိုက်ပျိုးချိန်မတူညီကြောင်း၊ ရှမ်းပြည်နယ်မှထွက်ရှိသည့် ခရမ်းချဉ်သီးမှာ ခရမ်းချဉ်သီးအစိမ်းဈေးကွက်ကိုသာ အများဆုံးအား ထားနေရပြီး ခရမ်းချဉ်သီး အမှည့်ဈေးကွက် မရှိသ‌လောက်ဖြစ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here