မြန်မာ့ပုလဲကို နှစ်စဉ်လျာထားချက်ထက် ကျော်လွန် ထုတ်လုပ်နေဟုဆို

0
365

မြန်မာ့ပုလဲကို နှစ်စဉ်လျာထားချက်ထက် ကျော်လွန်၍ ထုတ်လုပ်လျက်ရှိကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းချရေးဌာနမှ သိရသည်။

မြန်မာ့ပုလဲကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုတွင်ရှိသည့် ပုလဲမွေးမြူရေးကျွန်းစခန်း(၁၂)ခုမှ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ မွေးမြူထုတ်လုပ်နေခြင်း ဖြစ်သည်။

အဆိုပါ ပုလဲထုတ်လုပ်မှုတွင် နှစ်စဉ်လျာထားချက်ထက် ကျော်လွန် ထုတ်လုပ်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ ပင်လယ်ကမ်းရိုးတန်း သယံဇာတများကို ထိန်းသိမ်းဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။

ထို့အပြင် မြန်မာ့ပုလဲရောင်းချမှုတွင် ပြည်ပကုန်သည်များကို ဖိတ်ကြား၍ တစ်နှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်ထိ ပြပွဲများပြုလုပ်၍ ရောင်းချလျက်ရှိပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် တစ်ကြိမ် ပြည်ပနိုင်ငံများ၏ ပြပွဲများသို့ သွားရောက်၍ ရောင်းချမှုများရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ် ကိုဗစ်ကာလကပ်ရောဂါအတွင်း ပြည်ပသို့‌သွားရောက်ရောင်းချမှု ရပ်ဆိုင်းထားပြီး ၂၀၂၃ ခုနှစ်မှစတင်၍ ပြန်လည်ရောင်းချမှုများရှိခဲ့ကြောင်း သိရသည်။

ပုလဲမွေးမြူရာတွင် အရည်အသွေးမြင့် ပုလဲများ ထုတ်လုပ်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင် သန့်ရှင်းကောင်းမွန်ရန် အလေးထားဆောင်ရွက်ရသောကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်ပြီး ပုလဲမွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများကို လူသားအရင်းအမြစ်၏ လုပ်အားဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး စက်စွမ်းအားများကို များစွာအသုံးပြုရန် မလိုအပ်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သကဲ့သို့ စက်ပစ္စည်းများအတွက် ကုန်ကျစရိတ်လည်း သက်သာစေကြောင်း သိရသည်။

ပုလဲမွေးမြူခြင်းသည် သဘာဝသယံဇာတအရင်းအမြစ်များကို တူးဖော်ထုတ်လုပ်ခြင်း မဟုတ်ဘဲသားဖောက်ခန်းအတွင်း မုတ်ကောင်များကို သားဖောက်၍ ထိုမုတ်ကောင်များကို သဘာဝပင်လယ်ပြင်၌ မွေးမြူကာ ပုလဲထုတ်လုပ်ခြင်းဖြစ်သည့်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ သယံဇာတကို ထုတ်လုပ်ခြင်းဖြစ်ပြီး အဆိုပါ သယံဇာတများမှ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here