သီရိလင်္ကာ ကားမောင်းပြိုင်ပွဲမှာ ပြိုင်ကားတစ်စီး လမ်းချော်ကာ ပွဲကြည့်သူတွေနဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေကို ဝင်တိုက်ခဲ့တာကြောင့် လူ ၇ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ 

0
84

သီရိလင်္ကာနိုင်ငံရှိ ကားပြိုင်ပွဲတစ်ခုမှာ တနင်္ဂနွေနေ့က ပြိုင်ကားတစ်စီး ပြေးလမ်းကနေချော်ထွက်ကာ ပွဲကြည့်သူတွေနဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေရှိရာ လူအုပ်အတွင်း ဝင်တိုက်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

မြို့တော် ကိုလံဘိုအရှေ့ဘက် ၁၁၀ မိုင်အကွာ လက်ဖက်စိုက် အလယ်ပိုင်းတောင်တန်းဒေသရှိ Diyatalawa မြို့မှာ ပရိသတ်ထောင်ပေါင်းများစွာ စောင့်ကြည့်ခဲ့ကြတဲ့ ကားပြိုင်ပွဲအတွင်း မတော်တဆဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ပြိုင်ပွဲဝင်ကားတစ်စီးဟာ ပြေးလမ်းကချော်ထွက်ပြီး ပရိသတ်တွေနဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေရှိရာကို ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နီဟဲလ် သာဒူဝါက ပြောဆိုပါတယ်။ ဖြစ်စဉ်အတွင်း တာဝန်ရှိသူ လေးဦး အပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၂၀ ခန့်ကို ဆေးရုံတင်ပေးထားရကာ ယင်းတို့ထဲက သုံးဦး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ သာဒူဝက ပြောဆိုပါတယ်။ 

ပြိုင်ပွဲအစီအစဉ် ၂၄ ခုအနက် ၁၇ ခုမြောက် ပြိုင်ပွဲမှာ မတော်တဆမှုဖြစ်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုလုပ်နေတယ်လို့ သာဒူဝက ပြောဆိုပါတယ်။ မတော်တဆဖြစ်စဉ်ကြောင့် ပြိုင်ပွဲကို ဆိုင်းငံ့ထားလိုက်တယ်လို့လည်း သိရပါတယ်။ 

သီရိလင်္ကာ စစ်သင်တန်းကျောင်းရှိ ပြိုင်ပွဲကျင်းပရာ ပြိုင်ကားပတ်လမ်းဝန်းကျင်ကို ပရိသတ် ၄၅၀၀၀ ခန်း လာရောက်ကြည့်ရှု့ခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို သီရိလင်္ကာစစ်တပ်နဲ့ သီရိလင်္ကာပြိုင်ကားအဖွဲ့အစည်းက စီစဉ်ကျင်းပတာဖြစ်ကြောင်း သိရပါတယ်။

 Ref: Stripes.com


LEAVE A REPLY

Please enter your comment!
Please enter your name here