တရုတ်နိုင်ငံတောင်ပိုင်းမှာ မိုးကြီးမှုကြောင့် လူ ၄ ဦး သေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးလျက်ရှိ

0
226

တရုတ်နိုင်ငံတောင်ပိုင်းမှာ သီတင်းပတ်ကုန်ပိုင်းကစတင်ကာ ပြင်းထန်စွာ ရွာသွန်းခဲ့တဲ့ မိုးသက်မုန်တိုင်းတွေကြောင့် မြစ်ကမ်းဘေးမြို့တွေမှာ သေဆုံးသူ ၄ ဦးထက်မနည်းရှိခဲ့ပြီး နောက်ထပ် ပျောက်ဆုံးနေသူ ၁၀ ဦးကိုလည်း ရှာဖွေမှုတွေလုပ်နေကြတယ်လို့ နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့မှာ ဖော်ပြပါတယ်။

Zhaoqing မြို့မှာ လူ သုံးဦး သေဆုံးခဲ့ပြီး Shaoguan မြို့မှာတော့ ကယ်ဆယ်ရေးသမားတစ်ဦး သေဆုံးခဲ့တယ်လို့ တရားဝင်သတင်းဋ္ဌာန ဆင်ဟွာက ဆိုခဲ့ပြီး သူတို့တွေ ဘယ်အချိန်၊ ဘယ်လိုပုံစံနဲ့ သေဆုံးရတာလည်း ဆိုတာကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းမှစကာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုတွေအတွင်း ကွမ်တုံပြည်နယ်ရှိ မြို့နှစ်မြို့ဟာ အဆိုးဝါးဆုံးဧရိယာတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ရေမြုပ်နေတဲ့ ဈေးဝယ်စင်တာတွေရှိရာ လမ်းတွေနဲ့ လူနေဧရိယာတွေမှာ ကယ်ဆယ်ရေးသမားတွေက ဒေသခံတွေကို ရော်ဘာလှေတွေနဲ့ ဘေးလွတ်ရာရွှေ့ပြောင်းပေးနေကြပုံကို နိုင်ငံပိုင် စီစီတီဗီရုပ်သံဋ္ဌာကလည်း ဖော်ပြခဲ့ပါတယ်။

ဆင်ဟွာသတင်းဋ္ဌာနရဲ့ ဖော်ပြချက်အရ တနင်္လာနေ့မှာ ကွမ်တုံပြည်နယ်တဝှမ်းမှ လူဦးရေ ၁၁၀၀၀၀ ခန့်ကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး လူ ၂၅၈၀၀ ခန့်ဟာ ယာယီခိုလှုံရေးစခန်းတွေမှာ ရောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။

ကွမ်တုံပြည်နယ်ရဲ့ မြို့တော် ကွမ်ကျိုးမှာ ဒေသစံတော်ချိန် တနင်္လာနေ့မနက် ၁၀ နာရီအထိ ဧပြီလအတွင်း ဆက်တိုက်ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ၂၄ လက်မရှိခဲ့ပြီး ဒါဟာ ၁၉၅၉ ခုနှစ်ကစလို့ လစဉ် အမြင့်ဆုံး မိုးရေချိန်အဖြစ် စံချိန်တင်ခဲ့ကြောင်း အစိုးရက ပြောဆိုပါတယ်။

တရုတ်နိုင်ငံ ဗဟိုမိုးလေဝသစောင့်ကြည့်ရေးဋ္ဌာနက အင်္ဂါနေ့ညနေပိုင်းအထိ မိုးသက်မုန်တိုင်း ကျရောက်ဖို့ရှိတယ်လို့ သတိပေးထားပြီး ကွမ်ရှီဒေသ၊ ကွမ်တုံနဲ့ ဖူဂျီယန်ပြည်နယ် အစိတ်အပိုင်းတွေအပါအဝင် နိုင်ငံတောင်ပိုင်း နေရာအတော်များများမှာ မိုးသည်းထန်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြောင်း သိရပါတယ်။

Ref: Independent


LEAVE A REPLY

Please enter your comment!
Please enter your name here