​မလေးရှား ရေတပ်ရဟတ်ယာဉ်နှစ်စင်း ဝေဟင်မှာ တိုက်မိခဲ့ပြီး ၁၀ ဦး သေဆုံး

0
209

ရေတပ်စစ်ရေးပြပွဲအတွက် အစမ်းလေ့ကျင့်မှုလုပ်နေတဲ့ မလေးရှားရေတပ် ရဟတ်ယာဉ်နှစ်စင်းဟာ အင်္ဂါနေ့(ဧပြီ ၂၃) က ဝေဟင်မှာ တိုက်မိခဲ့ကြပြီး ယာဉ်ပေါ်ပါ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

ဒေသစံတော်ချိန် ၉ နာရီခွဲလောက်က အနောက်ပိုင်းပြည်နယ် ပီရက်ရှိ Lumut ရေတပ်အခြေစိုက်စခန်းမှာ အခင်းဖြစ်ပွားခဲ့တာလို့ ရေတပ်က ပြောဆိုပါတယ်။ သေဆုံးခဲ့သူအားလုံးဟာ အခင်းဖြစ်နေရာပဲ သေဆုံးခဲ့တာလို့ အတည်ပြုခဲ့ပြီး ရုပ်အလောင်းတွေကို Lumut ရေတပ်အခြေစိုက်စခန်း စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ဆိုခဲ့ပါတယ်။

လူမှုမီဒီယာမှာ ပျံ့နှံ့နေခဲ့တဲ့ ဗီဒီယိုတစ်ခုမှာတော့ ပုံစံဖွဲ့ ပျံသန်းနေတဲ့ ရဟတ်ယာဉ်များစွာအနက် တစ်စင်းရဲ့ ဒလက်တွေဟာ အခြားရဟတ်ယာဉ်တစ်စင်းကို သွားရိုက်မိခဲ့ပြီးနောက် နှစ်စင်းလုံး မြေပေါ်ထိုးကျသွားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဟာ အခင်းဖြစ်ဗီဒီယိုမှန်ကန်တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

ရဟတ်ယာဉ်နှစ်စင်း တိုက်မိရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ရေတပ်က ပြောဆိုပါတယ်။

အခင်းဖြစ်ရဟတ်ယာဉ်နှစ်စင်းဟာ ရေကြောင်းစစ်ဆင်ရေးရဟတ်ယာဉ်နဲ့ Fennec စစ်သုံးရဟတ်ယာဉ်တို့ဖြစ်ကြပြီး စနေနေ့မှာ ပြုလုပ်မယ့် မလေးရှားတော်ဝင်ရေတပ်ရဲ့ နှစ် ၉၀ ပြည့် စစ်ရေးပြအခမ်းအနားအတွက် အစမ်းလေ့ကျင့်နေကြခြင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး မိုဟာမက် ခါလက်နော်ဒင်က ပြောဆိုပါတယ်။

သေဆုံးခဲ့တဲ့ အမှုထမ်းတွေရဲ့ အမည်စာရင်းကို အတည်ပြုနိုင်ဖို့ ဆောင်ရွက်လျက်ရှိနေကြောင်းနဲ့ သေဆုံးခဲ့သူအားလုံးဟာ အသက် ၄၀ အောက် အရွယ်တွေဖြစ်ကြတယ်လို့ သူက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

Ref: CNN, Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here