မြောက်ကိုရီးယား အရာရှိများ
အီရန်ကို ရှားပါးပါး လူသိရှင်ကြားခရီးစဉ်သွား

0
174

နိုင်ငံတကာ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဦးဆောင်သော မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ အီရန်နိုင်ငံကို သွားရောက်နေတယ်လို့ မြောက်ကိုရီးယားရဲ့ တရားဝင်မီဒီယာက ဗုဒ္ဓဟူးနေ့(ဧပြီ ၂၄) မှာ ဖော်ပြပါတယ်။

လျှို့ဝှက်စစ်ရေးဆက်ဆံမှုရှိနေတယ်လို့ ယုံကြည်ထားတဲ့ နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံမှုကို ရှားရှားပါးပါး လူသိရှင်ကြား သတင်းထုတ်ပြန်လာခြင်းဖြစ်ပါတယ်။

ပြည်ပစီးပွားရေးဆက်ဆံမှုဝန်ကြီး ယန်ဂျွန်ဟိုဟာ ဝန်ကြီးဋ္ဌာနကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အင်္ဂါနေ့မှာ ပြုံယမ်းကနေ အီရန်ကို လေကြောင်းနဲ့ ထွက်ခွာသွားတာဖြစ်တယ်လို့ KCNA သတင်းဋ္ဌာနက ဆိုခဲ့ပြီး အခြား အသေးစိတ်အချက် အလက်တွေကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

မြောက်ကိုရီးယားနဲ့ အီရန်တို့ဟာ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အချိန်အတော်ကြာကတည်းက သံသယရှိထားပြီး ယင်းတို့ကို ထုတ်လုပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနဲ့ အစိတ်အပိုင်းတွေကို ဖလှယ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလမှာ ဖော်ပြခဲ့တဲ့ ရိုက်တာသတင်းအရ အီရန်ဟာ ယူကရိန်းနဲ့ စစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို ပဲ့ထိန်းဒုံးကျည်အတော်များများ ပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။ ထို့အတူ မြောက်ကိုရီးယားဟာလည်း ရုရှားကို ဒုံးကျည်တွေ၊ အမြောက်ကြီးတွေ ထောက်ပံ့ပေးနေတယ်လို့ သံသယရှိထားပေမယ့် နှစ်နိုင်ငံစလုံးကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ကြပါတယ်။

တောင်ကိုရီးယားအစိုးရ အချက်အလက်များအရ ယန်ဟာ ယခင်က ဆီးရီးယားနဲ့ ဆက်ဆံရေးကို တာဝန်ယူရသူဖြစ်တယ်လို့ ဆိုပါတယ်။

ယန်ဟာ ရုရှားနဲ့ ဆက်ဆံရေးတိုးမြှင့်ဖလှယ်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယခုလအစောပိုင်းက ကိုယ်စားလှယ်အဖွဲ့တစ်ခုကို ဦးဆောင်ကာ မော်စကိုသို့ သွားရောက်လည်ပတ်ခဲ့တယ်လို့လည်း KCNA က ဖော်ပြခဲ့ပါတယ်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here