သူဌေးကြီးမူးကေ့ရှ်အမ်ဘာနီ၏သားမင်္ဂလာဆောင် ဇူလိုင်လ၌ လန်ဒန်တွင်ကျင်းပမည်

0
436

ကမ္ဘာကျော်အိန္ဒိယသူဌေးကြီး မူးကေ့ရှ်အမ်ဘာနီ၏သားအငယ်ဆုံး အာနန့်အမ်ဘာနီနှင့် ၎င်း၏ သတို့သမီးရာဒီကာမားချန့်တို့၏ မင်္ဂလာပွဲအကြိုပွဲတော်များအား ပြီးခဲ့သည့်လက ဂူဂျာရတ်ပြည်နယ် Jamnagar ၌ ကြီးကျယ်စွာကျင်းပခဲ့ပြီး ဖျော်ဖြေရေး၊စီးပွားရေး၊အားကစားနှင့် နိုင်ငံရေး လောက တို့မှနာမည်ကြီးပုဂ္ဂိုလ်အများစုတက်ရောက်ခဲ့ကြသည်။

ယခုအချိန်၌မူ အများစုစောင့်မျှော်နေကြသည့် အာနန့်နှင့်ရာဒီကာတို့၏ မင်္ဂလာဧည့်ခံပွဲအား ၎င်းတို့ပိုင်ဆိုင်သည့် လန်ဒန်မြို့ရှိခမ်းနားထည်ဝါသည့် Stoke Park ဥယျာဉ်အိမ်တော်၌ ကျင်းပမည်ဖြစ်ကြောင်း မီဒီယာများ၌ဖော်ပြထားသည်။

India Today မီဒီယာ၌မူ အာနန့်အမ်ဘာနီနှင့် ရာဒီကာမားချန့်တို့၏ မင်္ဂလာပွဲအား လန်ဒန်မြို့ရှိ ၎င်းတို့၏ Stoke Park အိမ်တော်၌ ဇူလိုင်လတွင်ကျင်းပမည်ဖြစ်ကာ သတို့သား၏မိခင် နီတာအမ်ဘာနီသည် ပြင်ဆင်မှုအားလုံးအားကြီးကြပ်နေသည်ဟုလည်းသိရသည်။

သတို့သားအာနန့်ကမူ ၎င်း၏မိခင် ကြောင့် အောင်မြင်ရ ကြောင်း အစောပိုင်းကပြောကြားခဲ့ပြီး သုံးရက်ကြာမင်္ဂလာပွဲအကြိုပွဲများကိုလည်း ၄င်း၏မိခင်ကိုယ်တိုင်ပင်စီမံခန့်ခွဲခဲ့ကြောင်းလည်းသိရသည်။

လန်ဒန်၌ပြုလုပ်မည့်မင်္ဂလာပွဲ၌ ပါဝင်ရန်ဘောလိဝုဒ် နာမည်ကြီးများထံ ဖိတ်စာပေးပို့ထားပြီးဖြစ်ကြောင်းလည်း မီဒီယာများကဆိုသည်။မင်္ဂလာအကြိုပွဲများတွင် သဘာဝအပြင်အဆင်များ၊အိန္ဒိယရိုးရာအခင်းအကျင်းများနှင့် အခြားအရာများပါဝင်ခဲ့သော်လည်း မင်္ဂလာပွဲများ၏အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမရှိသေးကြောင်းလည်းသိရသည်။

ရှရွတ်ခန်း၊ဆယ်လ်မန်ခန်း၊အိန္ဒိယရုပ်ရှင်လုပ်ငန်းမှ နာမည်ကြီး Bachchan မိသားစု ၊ရမ်ဗီယာဆင်း၊ဒီပီကာပါထုခွန်၊Virat-Anushka စုံတွဲ၊Ranbir-Alia နှင့် Vick Katrina တို့သည် ဇူလိုင်လတွင်ကျင်းပမည့် အဆိုပါမင်္ဂလာပွဲကို တက်ရောက်မည်ဟုလည်းမျှော်လင့်ထားကြသည်။

Times Now မီဒီယာမှ မကြာသေးမီကဖော်ပြခဲ့သောသတင်းတစ်ပုဒ်အရ မင်္ဂလာမောင်နှံ၏ ညနေပိုင်းနှုတ်ဆက်ပွဲအခမ်းအနားကိုလည်း အဘူဒါဘီ၌ကျင်းပနိုင်ချေရှိသည်ဟုပါဖော်ပြထားသည်။

Source : သည်တိုင်းမ်စ်အော့ဖ်အိန္ဒိယ


LEAVE A REPLY

Please enter your comment!
Please enter your name here