နျူကလီးယားလက်နက်တွေကို AI တွေ မဟုတ်ဘဲ လူသားတွေကသာ စီမံထိန်းချုပ်ကြောင်း ထုတ်ပြန် ကြေညာပေးဖို့ ရုရှားနဲ့ တရုတ်ကို အမေရိကန်အရာရှိ တောင်းဆို 

0
115

နျူကလီးယားလက်နက်တွေကို ဖြန့်ကျက်ရာမှာ ညဏ်ရည်တု(AI) နည်းပညာလုံး၀ မသုံးဘဲ လူသားတွေကသာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်မှာဖြစ်ကြောင်းကို အမေရိကန်နဲ့ အခြားနိုင်ငံတွေက ကြေညာထားသလိုပဲ တရုတ်နဲ့ ရုရှားတို့ကလည်း အလားတူဆောင်ရွက်ပေးဖို့ အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ကြာသပတေးနေ့မှာ တိုက်တွန်းပါတယ်။ 

နျူကလီးယားလက်နက်တွေကို လူသားကသာ အလုံးစုံထိန်းချုပ်တယ်ဆိုတာကို ဝါရှင်တန်က ရှင်းလင်းပြတ်သားပြီး ခိုင်မာတဲ့ ကတိကဝတ်ပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန လက်နက်ထိန်းချုပ်ရေးအရာရှိ ပေါလ်ဒင်းန်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုပြီး ပြင်သစ်နဲ့ ဗြိတိန်တို့ဟာလည်း အလားတူ လုပ်ဆောင်ထားကြတယ်လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။ 

တရုတ်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့က အလားတူ ထုတ်ပြန်ချက်မျိုးလုပ်လာဖို့ကို မိမိတို့ ကြိုဆိုပါကြောင်း ဒင်းန်က ပြောဆိုပါတယ်။ 

“ဒါဟာ တာဝန်သိတဲ့ အပြုအမူရဲ့ အလွန်အရေးကြီးတဲ့ စံနှုန်းတစ်ခုလို့ ကျွန်တော်တို့ထင်မြင်ပြီး P5 ဆက်စပ်မှုမှာ အလွန်တရာကြိုဆိုရမယ့် အရာဖြစ်တယ်လို့ ထင်ပါတယ်” လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံကို ရည်ညွှန်းပြီး သူက ပြောဆိုခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က နျူလက်နက်မူဝါဒနဲ့ AI တိုးတက်မှုနှစ်ခုလုံးအတွက် တရုတ်နိုင်ငံနဲ့ သီးခြားဆွေးနွေးမှုတွေ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ဖို့ ကြိုးစားနေစဉ် သူ့ရဲ့ မှတ်ချက်ထွက်လာတာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် လတ်တလောမှာ တုန့်ပြန်ဖြေကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလစ်ကင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ရဲ့ ဧပြီ ၂၆ ရက်က ပေကျင်းမှာပြုလုပ်တဲ့ ဆွေးနွေးမှုတွေအတွင်း AI နည်းပညာပျံ့နှံ့မှုနဲ့ ပတ်သက်ပြီးလည်း ပြောဆိုမှုလုပ်ခဲ့ပါတယ်။ 

လာမယ့်ရက်သတ္တပတ်တွေအတွင်း AI နဲ့ ပတ်သက်လို့ ၎င်းတို့ရဲ့ ပထမဆုံးသော နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပဖို့ နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့ ဘလစ်ကင်က ပြောဆိုပြီး နည်းပညာဝန်းကျင်ရှိ အန္တရာယ်တွေနဲ့ ဘေးကင်းရေးတို့အတွက် မည်ကဲ့သို့ အကောင်းဆုံး စီမံခန့်ခွဲသွားကြမလဲဆိုတာကို သဘောထားအမြင် မျှဝေသွားကြမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

 Ref: BT


LEAVE A REPLY

Please enter your comment!
Please enter your name here