ဂျပန်စစ်သင်္ဘောကို ဒရုန်းဖြင့် ရိုက်ထားတဲ့ ဗီဒီယို တရုတ်လူမှုကွန်ရက်မှာ ပျံ့ခဲ့ပြီးနောက် လုံခြုံရေးတိုးမြှင့်ဖို့ ဂျပန်ကာကွယ်ရေးဝန်ကြီး​ပြော

0
275

         တိုကျိုအနောက်ပိုင်း ကန့်သတ်ရေတပ်ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ထားသော ဂျပန် ရဟတ်ယာဉ်တင်သင်္ဘောတစ်စီးကို ဒရုန်းကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခု တရုတ်နိုင်ငံ လူမှုကွန်ရက်မီဒီယာပေါ် ထွက်ပေါ်လာခဲ့ပြီးနောက် ဒရုန်းတိုက်ဖျက်ရေးစွမ်းရည်ကို တိုးမြှင့်လုပ်ဆောင်ဖို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက သောကြာနေ့မှာ တိုက်တွန်းပါတယ်။ ဒီဖြစ်ရပ်ဟာ အလေးအနက်ထားရမယ့် လုံခြုံရေးခြိမ်းခြောက်မှုဖြစ်တယ်လို့လည်း ဝန်ကြီး မီနိုရူ ကီဟာရာက ပြောဆိုပါတယ်။ 

         ဂျပန် ရဟတ်ယာဉ်တင်သင်္ဘောနှစ်စီးအနက် တစ်စီးဖြစ်တဲ့ JS Izumo ကို ဒရုန်းတစ်စီးနဲ့ ဗီဒီယိုရိုက်ယူထားတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီး တစ်လကျော်ကြာတဲ့နောက် လုံခြုံရေးဆိုင်ရာ အားနည်းချက်အပေါ် ကီဟာရာက ဝန်ခံပြောဆိုလာတာဖြစ်ပါတယ်။

 အာရှ-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အတင့်ရဲလာတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်လာရချိန်မှာ ဂျပန်ရဲ့ တန်ပြန်တိုက်ခိုက်မှုစွမ်းရည်အားကောင်းစေဖို့အတွက် ရဟတ်ယာဉ်တင်သင်္ဘောကို ကိုယ်ပျောက်တိုက်လေယာဉ်တွေ တင်ဆောင်နိုင်အောင် ပြင်ဆင်မှုလုပ်နေခဲ့တာဖြစ်ပါတယ်။ 

        ဂျပန် ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ယိုကိုဆူကာ ရေတပ်စခန်းရှိ အပင်တွေ၊ အဆောက်အအုံတွေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို ရိုက်ယူထားတဲ့ ဗီဒီယိုဖိုင်ကို မတ်လအတွင်းက တရုတ်လူမှုမီဒီယာဆိုက်တစ်ခုမှာ တင်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဋ္ဌာန အရာရှိတွေ စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ကြရပါတယ်။ အဆိုပါဗီဒီယိုကို X လို အခြား လူမှုကွန်ရက်ပလက်ဖောင်းတွေမှာလည်း တင်ခဲ့တာဖြစ်ပါတယ်။ 

     “အဆိုပါ ဗီဒီယိုကို ခွဲခြမ်းစိတ်ဖြာခဲ့အပြီးမှာ ဒီဗီဒီယိုဟာ ပျံသန်းနေတဲ့ ဒရုန်းတစ်စင်းနဲ့ ရိုက်ကူးထားတာ ဖြစ်နိုင်ခြေအရှိဆုံးလို့ ကျွန်တော်တို့ ကောက်ချက်ချနိုင်ခဲ့ပါတယ်” လို့ ကီဟာရာက သတင်းထောက်တွေကို ပြောဆိုပါတယ်။ 

       တွေ့ရှိချက်တွေကို အထူးအလေးအနက်ထား ဆောင်ရွက်နေကြောင်းနဲ့ ဒရုန်းတွေဟာ ကာကွယ်ရေးအဆောက်အအုံတွေကို အန္တရာယ်ရှိစေတယ်ဆိုပါက မိမိတို့နိုင်ငံရဲ့ ကာကွယ်ရေးအပေါ် ဆိုးဝါးစွာ အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့လည်း ၎င်းက ဆိုပါတယ်။ 

        ဒရုန်းဟာ သင်္ဘောအပေါ် ဝေဟင်မှာ ပျံသန်းခဲ့တာကို ဘယ်လိုကြောင့် စစ်ဆေးတွေ့ရှိခဲ့ခြင်း မရှိရသလဲဆိုတာကိုတော့ လုံခြုံရေးဆိုင်ရာအကြောင်းအချက်တွေကြောင့်ဆိုကာ ကီဟာရာက ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ သို့ပေမယ့် အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ ဒရုန်းတွေ၊ အခြားမောင်းသူမဲ့ယာဉ်တွေနဲ့ ပတ်သက်လို့ တုန့်ပြန်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ၎င်းက အလေးအနက်ပြောဆိုပါတယ်။ ဒါ့အပြင် စစ်အခြေစိုက်စခန်းတွေပတ်လည်မှာ ကာကွယ်ရေးခိုင်မာအောင်လုပ်ဆောင်ဖို့လည်း ၎င်းက ကတိပြုပြောဆိုသွားခဲ့ပါတယ်။

 Ref: City News Halifax


LEAVE A REPLY

Please enter your comment!
Please enter your name here