ရုရှားက ယူကရိန်းရဲ့ ခါကိဗ်မြို့ကို မြေပြင်ထိုးစစ်ဆင်၍ စစ်မျက်နှာသစ်ဖွင့် 

0
142

ရုရှားတပ်တွေဟာ နိုင်ငံရဲ့အရှေ့မြောက်ပိုင်း နယ်စပ်အနီးက ယူကရိန်းရဲ့ ဒုတိယမြောက်မြို့ ခါကိဗ်ကို သောကြာနေ့မှာ သံချပ်ကာယာဉ်တွေနဲ့ မြေပြင်တိုက်ခိုက်မှုကိုစလိုက်ပြီး ယူကရိန်းအရှေ့ပိုင်းနဲ့တောင်ပိုင်းမှာ ကာလကြာရှည်စွဆင်နွှဲနေတဲ့ စစ်ပွဲကို စစ်မျက်နှာသစ်ဖွင့်လိုက်တယ်လို့ သိရပါတယ်။ 

ဒေသတွင်းက နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ယူကရိန်းက တပ်ကူတွေလွှတ်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောပါတယ်။ ရုရှားဟာ နယ်စပ်မြို့ Vovchansk ကို လေကြောင်း ပဲ့ထိန်းဗုံးတွေ၊ အမြောက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ရုရှားဟာ အဲဒီဦးတည်လမ်းကြောင်းအတိုင်း တန်ပြန် ထိုးစစ်လှိုင်းသစ်တစ်ခု စတင်နေပြီလို့ မြို့တော်ကိဗ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဇလန်းစကီးက ပြောပါတယ်။ “ အခု ဒီလမ်းကြောင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်နေပါပြီ” လို့ သူက ပြောဆိုခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ရုရှားရဲ့ ထိုးစစ်အသစ်ကြောင့် ခါကိဗ်ဒေသ ကနေ လူတွေကို ရာနဲ့ချီပြီး ဘေးလွတ်ရာ ကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးက စနေနေ့(မေ ၁၁) မှာ ပြောခဲ့ပါတယ်။ ရုရှားတပ်တွေဟာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးခန့်က ပြန်ဆုတ်ထားခဲ့ရတဲ့ ဒေသမှာ အနည်းငယ်ရှေ့တိုးချီတက်နိုင်နေတယ်လို့ လည်း ဆိုပါတယ်။

လူပေါင်း ၁၇၇၅ ဦးကို နေရာရွှေ့ပြောင်းပေးခဲ့တယ်လို့ ခါကိဗ်အုပ်ချုပ်ရေးမှူး အိုလက် ဆိုင်နီဂူဘော့ဗ်က ဆိုရှယ်မီဒီယာမှာ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားက နေရာ ၃၀ ခန့်ကို အမြောက်ကြီးတွေ၊ မော်တာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ၎င်းက ပြောခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ် စက်တင်ဘာလကစလို့ ခါကိဗ်ဒေသဟာ အများအားဖြင့် ယူကရိန်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ပါတယ်။ 

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းပိုင်နက်အတွင်း တစ်ကီလိုမီတာ (ဝ.၆ မိုင်) ရှေ့တိုးချီတက်လာခဲ့လို့  ရုရှားပိုင်နက်မှာ တိုက်ပွဲတွေဖြစ်မလာစေဖို့အတွက် ခါကိဗ်နဲ့ အိမ်နီးချင်း ဆမ်မီဒေသတွေမှာ ကြားခံဇုန်တစ်ခုတည်ဆောက်ရေး ကြိုးစားနေတယ်လို့ ယူကရိန်းစစ်တပ် ထိပ်တန်းသတင်းရင်းမြစ်တစ်ဦးက ပြောဆိုခဲ့ပါတယ်။

Ref: JT, Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here