Myanmar Women League 2024 ပြိုင်ပွဲ၏ အတွေ့အကြုံကောင်းများကိုယူ၍ အာရှအဆင့်ပြိုင်ပွဲအတွက် ပြင်ဆင်ကြိုးစားသွားမည်ဟု မြဝတီအသင်းနည်းပြချုပ် ဦးဧရာမောင် ပြောကြား

0
450

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ အတွေ့အကြုံကောင်းများကိုယူ၍ အမျိုးသမီးအာရှဖလားအဆင့်ဝင်ပြိုင်ရာတွင် ရလာဒ်ကောင်းများရရှိရန် ပြင်ဆင်ကြိုးစားသွားမည်ဟု လက်ရှိချန်ပီယံ မြဝတီအမျိုးသမီးဘောလုံးအသင်းနည်းပြချုပ် ဦးဧရာမောင်က ပြောကြားသည်။

” ကျွန်တော်တို့ အခု ပြည်တွင်း‌ကလပ်အမျိုးသမီးဘောလုံးပြိုင်ပွဲနဲ့အတူ AFC Cup အတွက်လည်း တစ်ချိန်တည်းမှာ ပြင်ဆင်သွားမယ်။ AFC Cup အတွက်လည်း ကစားခွင့်ရထားပါတယ်။ အသင်းက ထွက်သွားတဲ့ကစားသမားတွေ နေရာမှာ အခြားကစားသမားတွေအစားထိုးပြီးပြင်ဆင်သွားမယ်။ အကောင်းဆုံးကြိုး စားသွားမှာပါ”ဟု ၎င်းက ပြောကြားသည်။

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲကို မေလ (၇) ရက်က စတင် ကျင်းပနေပြီး သုံးကျော့ စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည့်အတွက် အသင်းတိုင်းအတွက်ခက်ခဲကြောင်းနှင့် ရရှိလာသည့်အောင်မြင်မှုသည်လည်း တန်ဖိုးဖြတ်၍မရနိုင်သည့် ရလာဒ်တစ်ခုဖြစ် လာလိမ့်မည်ဟု ဆိုသည်။

“ကစားသမားတွေအတွက် သုံးကျော့စနစ် ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် ပွဲများများကစားလေ ပြိုင်ပွဲရဲ့အတွေ့အကြုံကောင်းတွေ ရလေဖြစ်တာကြောင့် ကောင်းပါတယ်”ဟု ပြောသည်။

Myanmar Women League 2024 ပြိုင်ပွဲ ပထမအကျော့ ပွဲဦးထွက်တွင် မြဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီအသင်းနှင့် သစ္စာအားမာန်၊ ရှမ်းယူနိုက်တက်နှင့် ISPE အသင်းတို့ ထိပ်တိုက်တွေ့ဆုံသွားမည်ဖြစ်သည်။

ပြိုင်ပွဲအား မေလ(၇)ရက်မှ နိုဝင်ဘာ (၈) ရက်နေ့အထိ ငါးလကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ယခုနှစ် ကျင်းပပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း နှစ်သင်းထပ်တိုးယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ယခုနှစ်တွင် အမျိုးသမီးဘောလုံးအသင်း (၇)သင်း ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ပြီးခဲ့သည့် Myanmar Women League 2023 လောလုံးရာသီတွင် မြဝတီအမျိုးသမီးဘောလုံးအသင်းက ချန်ပီယံဆုကို ဆွတ်ခူးထားခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here