ပြည်ပအလုပ်အကိုင် အေဂျင်စီများ အခွန်လျှော့ပေါ့စေရန်ရည်ရွယ်၍ စာရင်းလိမ်ကာတင်ပြလာပါက ထိရောက်စွာအရေးယူမည်ဟု အသိပေး

0
248

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် အခွန်လျှော့ပေါ့စေရန် ရည်ရွယ်ချက်ဖြင့် စာရင်းများအား လိမ်လည်ပြုစုတင်ပြလာကြောင်း စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ ၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့စေလွှတ်ရန် OWIC ပြုလုပ်ခဲ့သည့် အေဂျင်စီများအားလုံးအနေဖြင့် OWIC ပြုလုပ်ခဲ့သည့် စာရင်း၊ အမှန်စေလွှတ်ခဲ့သည့် စာရင်းများအား မေ (၁၇) ရက်နောက်ဆုံးထား၍ [email protected] သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ရက်အတွင်း အချိန်မီတင်ပြလာခြင်းမရှိပါက ဦးစီးဌာနမှ ပြုစုထားသည့် နိုင်ငံအလိုက် စေလွှတ်စာရင်း၊ OWIC ပြုလုပ်ခဲ့သည့် စာရင်းများအတိုင်း အခွန်ပေးဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံအတွက် မြဝတီနှင့် ကော့သောင်းမှ MOU စနစ်ဖြင့်လည်းကောင်း၊ U-Turn စနစ်ဖြင့်လည်းကောင်း အမှန်တကယ်စေလွှတ်ခဲ့သည့် စာရင်းများကို စိစစ်ရန်၊ အခြားနိုင်ငံများအတွက် OWIC ပြုလုပ်ခဲ့သည့် စာရင်းများအပေါ် စာရင်းများမှန်ကန်မှုရှိ၊ မရှိစိစစ်ရန်လည်း Safe Migration ၏ အသိပေးထုတ်ပြန်ချက်တွင် ပါရှိသည်။

OWIC ပြုလုပ်ခဲ့မှုစာရင်းများကို ဂျပန်နှင့် စင်ကာပူနိုင်ငံအတွက် အလုပ်အကိုင်အမျိုးအစားအလိုက် ခွဲခြား၍ လည်းကောင်း၊ Zero Cost လုပ်သားစေလွှတ်ခဲ့ပါက သက်ဆိုင်ရာ နိုင်ငံအလိုက်ခွဲခြားဖော်ပြ၍လည်းကောင်း ပူးတွဲဇယားပုံစံအတိုင်း ပြုစုတင်ပြရမည်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထားသည်။

ထိုသို့ခွဲခြားဖော်ပြရာတွင် Zero Cost ဖြင့် စေလွှတ်ခဲ့သည့် စာရင်းများကိုဖော်ပြမည်ဆိုပါက အေဂျင်စီအမည်၊ ပြည်ပကုမ္ပဏီအမည်၊ လိပ်စာ (Email၊ ဖုန်းနံပါတ်) စေလွှတ်လုပ်သားဦးရေတို့ပါသည့် ဇယားအား OWIC ပြုလုပ်ခွင့်ပြုခဲ့သည့် Telegram ပါ ကြေညာချက်ဇယားကို ပူးတွဲတင်ပြရန်၊ ဂျပန်နိုင်ငံအတွက် U-Turn (အလုပ်မပြောင်း)စာရင်းအား ဖော်ပြမည်ဆိုပါက အလုပ်သမားများ၏ ကိုယ်ရေးကိုယ်တာအချက် အလက်စာရင်းပြုစု၍ ယခင်ကပြုလုပ်ခဲ့သည့် OWIC ကတ်မိတ္တူနှင့် အသစ်ထုတ်ယူခဲ့သည့် OWIC ကတ် မိတ္တူပူးတွဲ၍ တင်ပြရန်လည်း ဖော်ပြထားသည်။

ထို့အတူ ပူးတွဲစာရင်းတွင် အေဂျင်စီမှ OWIC ပြုလုပ်ထားခြင်းမရှိဘဲ နိုင်ငံအလိုက်စာရင်းများ လွဲမှားစွာပါရှိနေခြင်း၊ စာရင်းများကိုက်ညီမှုမရှိခြင်းများဖြစ်နေပါက မြောက်ဒဂုံတာဝန်ခံအရာရှိထံသို့ သွားရောက်၍ စာရင်းစစ်ဆေးညှိနှိုင်းပြင်ဆင်၍ မှန်ကန်ကြောင်းထောက်ခံချက်ရယူပြီး ပူးတွဲတင်ပြရန်နှင့် OWIC ပြုလုပ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ စေလွှတ်နိုင်သည့် လုပ်သားစာရင်းများကို ပယ်ဖျက်လိုပါက မြောက်ဒဂုံတာဝန်ခံအရာရှိထံသို့ OWIC အပ်နှံထားသည့် ထောက်ခံစာပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here