တင်းမာမှုတွေ ပြေလျော့ဖို့ရာ အာရှနည်းလမ်းအရ ဖြေရှင်းသွားရမယ်လို့ အင်ဒို ရွေးကောက်ခံသမ္မတ ထပ်လောင်း ပြောကြား

0
234

အောက်တိုဘာလမှာ ရာထူးတာဝန်ထမ်းဆောင်ဖို့ ပြင်ဆင်နေတဲ့ အင်ဒိုနီးရှား ရွေးကောက်ခံသမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ နိုင်ငံခြားရေးပေါ်လစီနဲ့ ပတ်သက်ပြီး ပိုမိုခိုင်မာတဲ့ ရပ်တည်ချက်ကိုင်စွဲသွားဖို့ အသင့်ဖြစ်နေပုံရပြီး သံခင်းတမန်ခင်း၊ စေ့စပ်ညှိနှိုင်းမှုနဲ့ “အာရှနည်းလမ်း”တို့ဟာ တင်းမာမှုတွေ ပြေပျောက်စေရေး အထောက်အကူဖြစ်စေတယ်လို့ ပြောဆိုပါတယ်။

အသက် ၇၂ နှစ်အရွယ် ပရာဘိုဝိုဟာသူ့ရဲ့ ဒုတိယ သမ္မတ ဂျီဘရန် ရာကာဘူမင် ရာကူ (ရာထူးသက်တမ်းကုန်ဆုံးတော့မယ့် သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ အကြီးဆုံးသား)နဲ့အတူ ဖေဖော်ဝါရီလ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့(မေ ၁၂) က ကာတာသတင်းချန်နယ် အယ်ဂျာဇီးယားနဲ့ အင်တာဗျူးတစ်ခုမှာ အရှေ့တောင်အာရှဟာ စစ်ပွဲတွေ၊ နိုင်ငံခြား ကိုလိုနီပြုမှုတွေနဲ့ ပြည်တွင်းနိုင်ငံရေး ကြားဝင်စွက်ဖက်မှုတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ပရာဘိုဝိုက ပြောဆိုခဲ့ပါတယ်။

သို့ပေမယ့် “နိုင်ငံခြား စွက်ဖက်မှု မပါဘဲ ကျွန်တော်တို့ ဖြေရှင်းခဲ့ကြပါတယ်။ ကျွန်တော်တို့ တွေ့ဆုံကြတယ်၊ ဆွေးနွေးပြောဆိုကြတယ်လေ” လို့ သူက ဆက်လက် ပြောဆိုသွားပါတယ်။

“ အာရှနည်းလမ်း ” ဆိုတဲ့ ဝေါဟာရက သူ့အတွက် ဘယ်လို အဓိပ္ပါယ်မျိုးလဲဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ သူက ယင်းကဲ့သို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

တရုတ်နဲ့အမေရိကန်အကြား ဒေသတွင်း သြဇာလွှမ်းမိုးရေး ပြိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ အင်ဒိုနီးရှားဟာ ယင်းနှစ်နိုင်ငံစလုံးအတွက် အလွန်ပွင့်လင်းမြင်သာမှုရှိကြောင်း အထူးတပ်ဖွဲ့ တပ်မှူးဟောင်းက တုန့်ပြန်ပါတယ်။

“ခင်ဗျားတို့ကို ကျွန်တော်လေးစားသမှုရှိပါတယ်၊ အတိတ်က ခင်ဗျားတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်” လို့ သူက ဆိုပါတယ်။

မိမိတို့အနေနဲ့ အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ဥရောပသားတွေကို ဖိတ်ခေါ်တယ်၊ သူတို့တွေနဲ့ မိတ်ဆွေဖွဲ့တယ်ဆိုတာက တရုတ်၊ အိန္ဒိယ၊ ရုရှားတို့နဲ့ မိတ်ဆွေဖွဲ့မရဘူးလို့ မဆိုလိုကြောင်း သူက ဆက်လက်ပြောဆိုကာ အင်ဒိုနီးရှားရဲ့ ဘက်မလိုက်တဲ့ အစဉ်အလာနဲ့ သမိုင်းကြောင်းကို ချပြခဲ့ပါတယ်။

သူဟာ သမ္မတ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် ဧပြီလမှာ တရုတ်၊ ဂျပန်နဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

အင်တာဗျူးအတွင်း ဒီမိုကရေစီ နောက်ကြောင်းပြန်လှည့်နေတယ်ဆိုခြင်းကို သူက ငြင်းဆန်ပယ်ချသွားခဲ့ပြီး အကျင့်ပျက်ခြစားမှုလို ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တဲ့ ပြဿနာများကြားမှ အင်ဒိုနီးရှားဟာ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အစိုးရအာဏာလွှဲပြောင်းမှုတွေ လုပ်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

Ref: U.S.News


LEAVE A REPLY

Please enter your comment!
Please enter your name here