ဥရောပနှင့် အိန္ဒိယဟန်လွှမ်းမိုးထားပြီး ရှမ်းရိုးရာနှင့် မြန်မာဗိသုကာပုံစံတို့ကို ပေါင်းစပ်ထားသည့် နှစ်၁၂၀ ကျော်က ကျိုင်းတုံ ဟော်နန်းပုံစံတူပြတိုက်ဖွင့်ပြီ

0
287

အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူ ပြတိုက်ဖွင့်ပွဲ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

အဆိုပါ ဟော်နန်းပုံစံတူပြတိုက်ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၅) ရပ်ကွက်၊ နောင်တုံကန်ပတ်လမ်းရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့် နေရာတွင် အသစ်ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ မေလ (၁၂) ရက် နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် စော်ဘွားကြီး၏ ဆွေတော်မျိုးတော်များ၊ ဒေသခံမြို့ မိမြို့ဖများ၏ တောင်းဆိုချက်အရ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့်ကျိုင်းတုံ ဟော်နန်းပုံတူ ပြတိုက်ကို တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ကျိုင်းတုံ ဟော်နန်းကြီးကို ၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ပညာရှင်များခေါ်ဆောင်၍ စတင် ဆောက်လုပ်စေခဲ့ခြင်းဖြစ်ပြီး ၁၉၀၆ ခုနှစ်တွင်ပြီးစီးခဲ့ပြီး ဥရောပနှင့် အိန္ဒိယဟန် များလွှမ်းမိုးထားပြီး ရှမ်းရိုးရာနှင့် မြန်မာဗိသုကာပုံစံတို့ကို ပေါင်းစပ်တည်ဆောက်ထားခြင်းဖြစ်ကာ ကျိုင်းတုံမြို့၏ ပထမဆုံးသော ဘိလပ်မြေအဆောက်အဦဖြစ်ကာ ဟော်နန်းကြီးတွင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၊ သားဖြစ်သူ စော်ဘွားစဝ်ကောင်တိုင်းနှင့် မြေးဖြစ်သူ စော်ဘွား စဝ်စိုင်းလုံတို့ မိသားစုများ နေထိုင်ခဲ့ကြသည်။

ယင်း ဟော်နန်တွင် ၁၉၅၉ ခုနှစ်အထိ စော်ဘွားမိသားစုများနေထိုင်ခဲ့ကြပြီး ၁၉၆၂ ခုနှစ်တွင် ဟော်နန်းအား အစိုးရရုံးအဖြစ် အသုံးပြုခဲ့သည်။

အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ကို ကောင်စီ တွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး အဖွဲ့ဝင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်အတွင်း၌ ခင်းကျင်းပြသထားသည့် ကျိုင်းတုံ နယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်နှင့် မိသားစုဝင်များ၊ ဆွေတော်မျိုးတော်များ၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ အထောက်အထားမှတ်တမ်း အသုံးအဆောင်ပစ္စည်းများ၊ အခန်းဖွဲ့စည်းဆောင်ရွက်ထားရှိမှုများကိုများ၊ စော်ဘွားကြီး၏ ဆွေတော်မျိုးတော်များနှင့်အတူလိုက်လံကြည့်ရှုခဲ့ပြီး သမိုင်းမှတ်တမ်းအထောက်အထားများ ယခုထက်ပိုမိုပြည့်စုံစွာ ရရှိနိုင်ရေး၊ ရှိပြီးဖြစ်သည့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ ပျက်စီးမှုမရှိစေရေးအတွက်စနစ်တကျ ထိန်းသိမ်းပြီး လိုအပ်ပါကမှန်များကာရံ၍ ရေရှည်တည်တံ့ခိုင်မြဲရေးဆောင်ရွက်သွားရန်နှင့် မပျောက်ပျက်အောင် အဆင့်ဆင့်လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရေးများကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ဟော်နန်းပုံစံတူပြတိုက် ဖွင့်ပွဲအခမ်းအနားသို့ နစကဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံးတို့မှ အရာရှိကြီးများနှင့်ဇနီးများ၊တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကျိုင်းတုံ နယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဆွေတော်မျိုးတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here