အနောက်အုပ်စုက ယူကရိန်းအတွက် တိုက်ပေးလိုလျှင် ရုရှားဘက်က အသင့်ရှိဟု လက်ဗရော့ဗ် ပြောကြား

0
176

အနောက်အုပ်စုအနေနဲ့ စစ်မြေပြင်မှာ ယူကရိန်းအတွက် တိုက်ပေးလိုတယ်ဆိုပါက ဒီအတွက် ရုရှားဘက်က အသင့်ပြင်ဆင်ထားတယ်လို့ ယာယီရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က တနင်္လာနေ့(မေ ၁၃) မှာ ပြောဆိုလိုက်ကြောင်း သိရပါတယ်။

“ဒါက သူတို့အခွင့်အရေးပါ၊ စစ်မြေပြင်မှာ ရှိစေချင်ရင် စစ်မြေပြင်မှာ ရှိရမှာပေါ့” လို့ လက်ဗရော့ဗ်က ပြောဆိုကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ RIA က ဖော်ပြပါတယ်။

တစ်ချိန်ချိန်မှာ အနောက်နိုင်ငံတပ်ဖွဲ့တွေ ယူကရိန်းသို့ စေလွှတ်ရေးကိစ္စကို ပစ်ပယ်မထားဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူ မက်ခရွန်က ပြောဆိုခဲ့ပြီးနောက်ပိုင်းကစလို့ နေတိုးအဖွဲ့နဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့လာနိုင်တဲ့ အန္တရာယ်အတွက် ရုရှားက တိုးမြျင့်သတိပေးမှုလုပ်ခဲ့ပါတယ်။

နေတိုးတပ်ဖွဲ့တွေ ယူကရိန်းသို့ စေလွှတ်ခြင်းဟာ အလွန်အန္တရာယ်များလာဖို့ရှိတယ်လို့ ကရင်မလင်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောဆိုခဲ့သလို ဒီအခြေအနေဟာ တတိယကမ္ဘာစစ်ကို ဦးတည်စေနိုင်တယ်လို့ သမ္မတ ဗလာဒီမာ ပူတင်ကလည်း သတိပေးခဲ့ပါတယ်။

ယခုလအတွင်း ပူတင်ရဲ့ နောက်ထပ် သမ္မတသက်တမ်းခြောက်နှစ်အတွက် အစိုးရသစ်ဖွဲ့စည်းရာမှာ သူ့ရာထူးနေရာ ပြန်ခန့်အပ်ခြင်းနဲ့ပတ်သက်တဲ့ ပါလီမန် ကြားနာမှုအတွင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆယ်စုနှစ် ၂ ခုကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ဗရော့ဗ်က အထက်ပါအတိုင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

နောက်လအတွင်း ဆွစ်ဇာလန်မှာ ပြုလုပ်မယ့် ရုရှားပါဝင်ခြင်းမရှိသော ယူကရိန်းအရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မော်စကိုအပေါ် ရာဇသံပေးမှုမြောက်တယ်လို့ သတ်မှတ်ကြောင်း လက်ဗရော့ဗ်က ပြောဆိုတယ်လို့လည်း RIA က ဖော်ပြခဲ့ပါတယ်။

ယင်းလုပ်ရပ်ဟာ ဆရာတွေက ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ကျောင်းသားတစ်ယောက်ကို အခန်းပြင်ထွက်နေဖို့ ဆုံးဖြတ်ချက်ပေးတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သူက နှိုင်းယှဉ်ပြောဆိုခဲ့ကြောင်းလည်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။

Ref: Asharq Al-Awsat


LEAVE A REPLY

Please enter your comment!
Please enter your name here