၀န်ကြီးချုပ် အန်ဝါနဲ့ ဟားမတ်စ်ခေါင်းဆောင် တွေ့ဆုံခဲ့သည့် သတင်းကို ဖေ့စ်ဘုတ်မှ ဖြုတ်ချခဲ့မှုအတွက် မလေးရှားအစိုးရ ရှင်းလင်းချက်တောင်း

0
234

မလေးရှား ဆက်သွယ်ရေးဝန်ကြီးက မေ ၁၄ ရက်မှာ Meta ကုမ္ပဏီအပေါ် ဒေါသတကြီး ထုတ်ဖော်ပြောဆိုမှုလုပ်ခဲ့ပြီး ယခုသီတင်းပတ်အတွင်းက ဟားမတ်စ်ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့ တွေ့ဆုံခဲ့မှုအကြောင်း ဖော်ပြခဲ့တဲ့ ဒေသတွင်း မီဒီယာရဲ့ ဖေ့စ်ဘုတ်ပို့စ်တွေကို ဖြုတ်ချမှုနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ် အန်ဝါဟာ မေ ၁၄ ရက်က ကာတာနိုင်ငံမှာ ဟားမတ်စ် ထိပ်တန်းခေါင်းဆောင် အစ္စမေးလ် ဟာနီယက်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း သို့ပေမယ့် ၎င်းတို့ စစ်တပ်ယန္တရားနဲ့တော့ ပါဝင်ပတ်သက်မှုမရှိကြောင်း နောက်ပိုင်းမှာ သူက ပြောဆိုခဲ့ပါတယ်။

မီဒီယာနှစ်ခုက ဖော်ပြခဲ့သော မစ္စတာ အန်ဝါရဲ့ တွေ့ဆုံဆွေးနွေးမှုအကြောင်းအရာကို ဖြုတ်ချခဲ့ခြင်း၊ ပါလက်စတိုင်းအရေးကိစ္စတွေကို အထူးပြုဖော်ပြနေတဲ့ တတိယမြောက် မီဒီယာတစ်ခုရဲ့ အကောင့်ကို ပိတ်ပစ်ခဲ့ခြင်းတို့နဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့  မလေးရှားအစိုးရက Meta ကို စာရေးတောင်းဆိုခဲ့ပါတယ်။

“ပို့စ်တွေကို ဖယ်ရှားပစ်ခဲ့တဲ့ Meta ရဲ့ လုပ်ရပ်တွေကို ရှုတ်ချပါတယ်။ အထူးသဖြင့် ဝန်ကြီးချုပ်ရဲ့ ကာတာနိုင်ငံ တရားဝင်ခရီးစဉ်နဲ့ ဆက်စပ်တာတွေကိုပေါ့” လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဆက်သွယ်ရေးဝန်ကြီး ဖာမီ ဖက်ဇီးလ်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မိမိအနေနဲ့ စိတ်မကောင်းဖြစ်ရတာကတော့ ဒီလုပ်ရပ်တွေကို အမေရိကန်ပြည်ထောင်စုအခြေစိုက် အဖွဲ့အစည်းတစ်ခုက လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ ပလက်ဖောင်းကို အသုံးပြုရာမှာ မီဒီယာလွတ်လပ်ခွင့်အပေါ် မလေးစားဘူးဆိုတာ ရှင်း​နေကြောင်းလည်း သူက ပြောဆိုပါတယ်။

 မလေးရှားအစိုးရရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် လတ်တလောမှာ Meta ဘက်က တုန့်ပြန်ဖြေကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here