ပုလောမြို့နယ် ထမင်းမစားရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ‌ကျေးရွာ(၆)ရွာရှိ ဒေသခံ‌ပြည်သူထောင်ချီ ပိတ်မိနေဟုဆို

0
173

မြိတ်-ထားဝယ်ကားလမ်းမပေါ် ရှိ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် ထမင်းမစားကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာ (၆)ရွာရှိ ဒေသခံပြည်သူ ထောင်နှင့်ချီကာ ကျေးရွာများအတွင်း ပိတ်မိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယခုလ မေ(၂)ရက်မှစတင်၍ ယနေ့အချိန်အထိ ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများကြောင့် လိပ်သောင်အုန်းတော၊ မျစ်ချဉ်စု၊ တော်၀င်၊ လယ်ဖက်၊ ထမင်းမစား စသည့် ကျေးရွာ (၆)ရွာရှိ ဒေသခံများ ၎င်းတို့၏ ကျေးရွာများအတွင်း ပိတ်‌မိနေကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသ ည်။

“တိုက်ပွဲဖြစ်နေတာ ဆယ်ရက်ကျော်ပြီလေ။ ဒီထက်ကြာရင် ပိတ်မိနေတဲ့ ဒေသခံတွေ စားဝတ်နေရေး ဒုက္ခများနိုင်တယ်။ တစ်ဖက်ဖက်က သွားခွင့်ဖွင့်ပေးဖို့လိုတယ်။ အဲဒီရွာတွေက ကုန်းလမ်းတစ်ခုပဲရှိတယ်။ အခြားလမ်းဆိုရင် မြိတ်ဘက်ကို ရေလမ်းပဲရှိတော့တယ်။ အဲဒီလမ်းက ကူးမယ်ဆိုလည်း ကျောက္ကာရွာမှာ တပ်စွဲထားတဲ့ တပ်ဘက်က စစ် သင်္ဘောရှိတော့ မသွားလာရဲကြဘူးဖြစ်နေတာ။ဒါ့ကြောင့် ရွာတွေထဲမှာဘဲ နေ နေကြရတာ”ဟု ၎င်းက ရှင်းပြသည်။

ယင်း ကျေးရွာများမှာ ပင်လယ်နှင့်နီးသည့် ရွာများဖြစ်သည့်အတွက် ရေထွက်ပစ္စည်းများဖြင့် အဓိက သက်မွေးဝမ်း ကြောင်းပြုနေသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ(၂)ရက်က တပ်မတော်လုံခြုံရေးရယူထားသည့် ထမင်းမစားရွာအနီးရှိ စစ်ဆေးရေးဂိတ်အား ဒေတွင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့များက လာရောက်ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ပွဲများကြောင့် ရန်ကုန် – ထားဝယ် – မြိတ် – ကော့သောင်း လမ်းပိုင်းတွင် ခရီးသွားကားများ ရက်ကြာရှည်ပိတ်မိနေကာ ကြန့်ကြာမှုများဖြစ်ပွားလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here