မေလကုန်၌ ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိအမှတ်ပြုမည်–အိုင်ယာလန်နိုင်ငံခြားရေးဝန်ကြီး

0
114

ဒဗ္ဗလင်၊မေ ၁၅

ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံ အနေဖြင့် ယခုမေလကုန်ပိုင်း၌ အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း အိုင်ယာလန်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်မာတင်က မေလ ၁၅ ရက်နေ့တွင်ပြောကြားခဲ့သည်။

အိုင်ယာလန်၊စပိန်၊စလိုဗေးနီးယားနှင့် မော်လ်တာနိုင်ငံတို့ပါဝင်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အချို့သည် ဒေသတွင်း ထာဝရငြိမ်းချမ်းရေးအတွက် ယခုကဲ့သို့ ဖြေရှင်းနည်းသည် မရှိမဖြစ်လိုအပ်သည်ဟုဆိုကာ လာမည့်သီတင်းပတ်၌ ပါးလက်စတိုင်းကို နိုင်ငံအဖြစ်အသိအမှတ်ပြုရန် စီစဉ်ထားခြင်းဖြစ်သည်။

“ဒီမေလကုန်ပိုင်းလောက်မှာ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုလက်ခံသွားမှာပါ၊လက်ခံ တာကို ကြေငြာမဲ့ရက်ကိုတော့ သဘောတူထားတဲ့နိုင်ငံတွေနဲ့ အသေးစိတ်မဆွေးနွေးရသေးတာမို့ ကြေငြာချက်ထုတ်မဲ့ရက်ကို အတိအကျမပြောနိုင်သေးပါဘူး” ဟုလည်း မာတင်ကဆိုသည်။

အစ္စရေး၏ ဟားမတ်စ်ချေမှုန်းရေးကြောင့်  ဒုက္ခရောက်နေရပြီး အသေ အပျောက် များ နေသည့် ပါလက်စတိုင်းဒေသခံများအတွက် တစ်ကမ္ဘာလုံးက အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတောင်းဆိုနေကြချိန်၌ ယခုကဲ့သို့ ကြိုးပမ်းမှုမျိုး ဖြစ်ပေါ်လာခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်မှစ၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံအနက် ၁၃၉ နိုင်ငံသည် ပါလက်စတိုင်းကို  နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ခြင်းလည်းဖြစ်သည်။

ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုခြင်းမပြုမီ အသေးစိတ်အချက်အလက်များကိုအပြီးသတ်ရန် အခြားနိုင်ငံများရှိ ၎င်း၏မိတ်ဖက်များနှင့်ပါ တိုင်ပင်ဆွေးနွေးနေကြောင်းလည်း မာတင်ကပြောကြားခဲ့သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here